ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ လူနာများကို ဆေးခါးကြီး(ငရုတ်ခါး)ဖြင့်ကုသမှု ကျန်းမာရေး ဝန်ကြီးဌာနခွင့်ပြု

ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားနေစဉ်  ရှေ့ပြေး အစီအစဉ်အဖြစ် ရောဂါမပြင်းထန်သည့် ကိုဗစ်-၁၉ လူနာများကို ဆေးဖက်ဝင် အပင်ဖြစ်သော ဆေးခါးကြီး(ငရုတ်ခါး)ဖြင့် အသုံးပြုကုသမှုကို ကျန်းမာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၃၀ ရက်တွင် ခွင့်ပြုလိုက်ကြောင်းသိရသည်။

ထိုအပင်ဖြင့် ကုသမှုသည် ပြင်းထန်သော ရောဂါကူးစက်ပျံ့နှံ့မှုကို လျော့ကျစေမည့်အပြင်  ကုသမှုကုန်ကျစရိတ်ကိုလည်း လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။

သို့သော် ဆေးခါးကြီး(ငရုတ်ခါး)ဖြင့် ကုသမှုကိုမူ အစိုးရဆေးရုံ ငါးလုံးတွင်သာ ကနဦးရရှိဦးမည် ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆေးဖက်ဝင်အပင်ဖြင့် ကုသမှု ခံယူမည့်သူသည် အသက် ၁၈ နှစ်မှ ၆၀ ကြားရှိသူ ဖြစ်ရမည် ဖြစ်သည့်အပြင် မိမိသဘော အလျောက်ကုသမှုခံယူသူ ဖြစ်ရမည် ဖြစ်သည်။

ထို့ပြင် ရောဂါလက္ခဏာ မပြင်းထန်ဘဲ ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုပြီးနောက် ၇၂ နာရီအတွင်းကုသမှုကို ခံယူရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပင်မှ အဆီအနှစ်သည် ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသည့် ဗိုင်းရပ်ကို ထိန်းချုပ်နိုင်ကာ ပြင်းထန်သော ရောင်ရမ်းမှုကို လျော့ကျစေနိုင်ကြောင်း လေ့လာမှုများအပေါ် မူတည်၍ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရောဂါကူးစက်ခံရကြောင်း အတည်ပြုပြီးနောက် ၇၂ နာရီအကြာတွင်  ထိုဆေးဖက်ဝင်အပင်ဖြင့် ကုသမှုခံယူသူများသည် သုံးရက်အတွင်း ကျန်းမာရေး အခြေအနေ တိုးတက်လာကြောင်းနှင့် ဘေးထွက်ဆိုးကျိုးမရှိကြောင်း လက်တွေ့ စမ်းသပ်မှုများတွင် တွေ့ရသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၌ ဒီဇင်ဘာ ၃၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အယောက် ၂၅၀ ရှိသည့်အတွက် ရောဂါဖြစ်ပွားသူ  စုစုပေါင်း ၇၀၀၀ နီးပါးအထိ မြင့်တက်လာကြောင်း သိရသည်။

Ref: TST