ကိုဗစ်-၁၉ ရောဂါနဲ့ အစပြုပြီး ကာကွယ်ဆေးမျှော်လင့်ချက်နဲ့ အဆုံးသတ်တဲ့ ၂၀၂၀ ပြည့်နှစ်

တကယ်တမ်းတော့ ကိုဗစ်-၁၉ ရောဂါဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ် အတွင်းမှာတော့ ဒီရောဂါကူးစက်မှုက တစ်ကမ္ဘာလုံးကိုရိုက်ခတ်ပြီး တုန်လှုပ်သွားစေပါတယ်။

ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ ချစ်ခင်ရသူတွေဟာ ရှင်လျက်နဲ့ ကွဲကွာနေရသလို သေကွဲကွဲသွားရသူတွေကလည်း အမြောက်အမြားပါပဲ။ ဒါကြောင့် ၂၀၂၀ ပြည့်နှစ်ကို အမည်တစ်မျိုးပေးရမယ် ဆိုရင်တော့ နတ်ဆိုးဝင်စီးတဲ့ နှစ်လို့သာ ပြောလိုက်ချင်ပါတယ်။

အရင်ဆုံး ရောဂါကူးစက်မှု စတင်ဖြစ်ပွားပြီ ဆိုတာနဲ့ တရုတ်အစိုးရက ဝူဟန်တစ်မြို့လုံးကို အသွားအလာတားမြစ် ကန့်သတ်ရာကနေ နောက်ပိုင်းမှာ တစ်နိုင်ငံလုံးကို  အသွားအလာ တားမြစ်ကန့်သတ်မှုတွေ အချိန်နဲ့တစ်ပြေးညီ လုပ်ခဲ့ပါတယ်။

ဒါကြောင့်လည်း ရောဂါကူးစက်မှု စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံဟာ အဲဒီရောဂါကူးစက်မှုကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပြီး  ရောဂါကူးစက်ခံရသူ အရေအတွက်နဲ့ သေဆုံးသူ အရေအတွက်ဟာ ယနေ့တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ နှိုင်းယှဉ်ရင်တော့ အဆင့်(၈၁)ကို ရောက်သွားပါပြီ။

အရာရာမှာ ကမ္ဘာ့နံပါတ်(၁)နိုင်ငံအဖြစ်ရပ်တည်နေတဲ့ အမေရိကန်နိုင်ငံကတော့   ယနေ့အချိန်အထိလည်း ရောဂါကူးစက် ခံရသူ အများဆုံး စာရင်းမှာ အဆင့်(၁) နေရာမှာသာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ  ကိုဗစ်-၁၉ ရောဂါနဲ့  ပထမဆုံး သေဆုံးရသူကတော့  တရုတ်နိုင်ငံမှဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်မှာ သေဆုံးတာဖြစ်ပါတယ်။

ဇန်နဝါရီလအစောပိုင်းနဲ့   လလယ်ပိုင်းတွေမှာ တစ်ရက်ကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက်က အယောက် ၁၀၀ ဝန်းကျင်သာ ရှိတဲ့အတွက် ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေက ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သိပ်အလေးအနက်မထားခဲ့ပါဘူး။

ဇန်နဝါရီလ ၃၀ ရက်မှာတော့ အဲဒီရောဂါဟာ နိုင်ငံပေါင်း ၁၉ နိုင်ငံကို ကူးစက်ပျံ့နှံ့သွားပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၇၈၁၈ ဦး ရှိလာပါတယ်။

အဲဒီနေ့မှာပဲ ဒီရောဂါဟာ နိုင်ငံတကာက စိုးရိမ်ရတဲ့ ပြည်သူ့ကျန်းမာရေး  အရေးပေါ် အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကြေညာခဲ့တာပါ။

ဒီအချိန်မှာ ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေက ဒီရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာဖို့ ဝိုင်းဝန်းတိုက်တွန်း ကြပေမယ့်လည်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့တော့  အဲဒီလိုမျိုး  ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာဖို့  မလိုအပ်သေးဘူးလို့ဆိုကာ နိုင်ငံတကာရဲ့ တိုက်တွန်းမှုတွေကို လျစ်လျူရှုခဲ့ပါတယ်။

ဒီလိုနဲ့  ကိုဗစ်-၁၉  ရောဂါဟာ  တစ်နိုင်ငံကနေ တစ်နိုင်ငံကို အရှိန်အဟုန်နဲ့ ကူးစက်ပျံ့နှံ့လာတော့မှသာ မတ် ၁၁ ရက်မှာ အဲဒီရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာလိုက်တာပါ။

မတ်လလယ်မှာတော့ ဥရောပဒေသဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အများဆုံးနေရာ ဖြစ်လာပါတယ်။ မတ် ၁၉ ရက်မှာဆိုရင် အီတလီနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူဟာ တရုတ်နိုင်ငံအတွင်း သေဆုံးသူ အရေအတွက်ထက်ကို ပိုများလာပါတယ်။

အမေရိကန်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်မှု အများဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံကို ကျော်တက်သွားတဲ့အချိန်က မတ် ၂၆ ရက်မှာပါ။

မတ်လနှောင်းပိုင်းမှာတော့ တရုတ်နိုင်ငံပြင်ပမှာရှိတဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက်ဟာ တရုတ်နိုင်ငံအတွင်း ရောဂါဖြစ်ပွားသူအရေအတွက်ကို မြန်မြန်ဆန်ဆန်ပဲ ကျော်တက်သွားပါတယ်။

အမေရိကန်နိုင်ငံမှာဖြစ်ပွားတဲ့ ကိုဗစ်-၁၉ ရောဂါဟာ တရုတ်နိုင်ငံမှာ ဖြစ်ပွားတဲ့ မူလနိုဗယ်ကိုရိုနာဗိုင်းရပ် မဟုတ်ဘဲ  ဥရောပကနေမှ ဗီဇပြောင်းသွားတဲ့  နိုဗယ်ကိုရိုနာဗိုင်းရပ် ဖြစ်နေခဲ့ပါတယ်။

အထက်မှာဆိုခဲ့သလိုပဲ   ရောဂါကူးစက်ပျံ့နှံ့မှုကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တဲ့ တရုတ်နိုင်ငံဟာ ဧပြီ ၁၆ ရက်မှာတော့ ပြည်တွင်းကူးစက်မှု ကင်းစင်တဲ့နိုင်ငံ ဖြစ်လာပါတယ်။

ဒါပေမဲ့လည်း  ၅၅  ရက်အကြာ  ဇွန် ၁၁ ရက် ပေကျင်းမြို့မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူတစ်ဦးကို ပြန်လည်တွေ့ရှိ လိုက်ပါတယ်။    နောက်တစ်ရက်မှာတော့  နောက်ထပ်နှစ်ဦးကို တွေ့ရှိရပါတယ်။  သူတို့အားလုံးရဲ့ ရောဂါကူးစက်မှု ဇာစ်မြစ်ကတော့  ရှင်ဖာဒီဈေးပဲ ဖြစ်ပါတယ်။

၂၀၂၀  ပြည့်နှစ်အလယ်ပိုင်းမှာတော့  ကိုဗစ်-၁၉ ရောဂါကိုထိန်းချုပ်နိုင်ဖို့ ချမှတ်ထားရတဲ့ အသွားအလာ တားမြစ်ကန့်သတ်ချက်တွေကြောင့်   ကမ္ဘာ့စီးပွားရေးသိသာစွာ ကျဆင်းလာတာကိုတွေ့ရပါတယ်။

ကမ္ဘာ့စီးပွားရေးနဲ့ ဆန့်ကျင်ဘက် သိသာစွာ မြင့်တက်လာတာကတော့ ရောဂါကူးစက်ခံရသူ အရေအတွက်ပါ။ ဒါဟာလည်း သိပ်တော့ အထွေအထူး မဟုတ်ပါဘူး။

ကူးစက်ရောဂါဖြစ်တဲ့အတွက်   ဆင့်ပွားကူးစက်မှု သဘောတရားအရ အခုလိုမျိုးရောဂါဖြစ်ပွားသူ အရေအတွက်ဟာ ဆတိုးမြင့်တက် လာရတာ ဖြစ်ပါတယ်။

အရင်တုန်းက  တစ်ကမ္ဘာလုံးမှာ  တစ်ရက်ကို ရောဂါဖြစ်ပွားသူအယောက် ၁၀၀၀ ကျော်ရှိရာက အခုဆိုရင် တစ်ရက်ကို ရောဂါဖြစ်ပွားသူ စုစုပေါင်းက အယောက်တစ်သန်း နီးပါးကပ်နေပါပြီ။

အရာရာတိုင်းဟာ  အဆိုးနဲ့အကောင်းဒွန်တွဲနေတယ်ဆိုတဲ့ သဘောတရားအရ အမြဲတမ်း အဆိုးချည်း ပဲတော့ ဖြစ်နေတာ မဟုတ်ပါဘူး။

ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ တတ်သိပညာရှင်တွေဟာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားပါပြီ ဆိုကတည်းက ဘာကြောင့် ဒီရောဂါဖြစ်ရတယ် ဆိုတာကို အဖြေရှာလာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဖြစ်ပွားနေတဲ့ ရောဂါကိုကုသဖို့ ဆေးဝါးရှာဖွေမှုနဲ့ ဒီရောဂါကို အမြစ်ဖြတ်နှိမ်နင်းနိုင်ဖို့အတွက် ကာကွယ်ဆေးဖော်စပ်မှု တို့ကို အရှိန်အဟုန်နဲ့ လုပ်လာခဲ့တာကို တွေ့ရပါတယ်။

ဒီလိုကြိုးစားမှုရဲ့ ရလဒ်ကြောင့် ကမ္ဘာ့အင်အားကြီး နိုင်ငံအများအပြားမှာရှိတဲ့ နာမည်ကျော်ကာကွယ်ဆေး ထုတ်လုပ်ရေး ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေက အချိန်တိုအတွင်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဖော်စပ်ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ထုတ်လုပ်ထားပြီးတဲ့ ကာကွယ်ဆေးတွေရဲ့ အကျိုးအာနိသင်ကို သိရဖို့အတွက် လက်တွေ့စမ်းသပ်မှုတွေကို လပေါင်းများစွာကြာအောင် လုပ်ဆောင်ခဲ့ရပါတယ်။

တချို့ကလည်း သူတို့ထုတ်လုပ်ထားတဲ့ကာကွယ်ဆေးအပေါ် ယုံကြည်ပြီး လက်တွေ့စမ်းသပ်မှုလုပ်နေဆဲမှာပဲ  အရေးပေါ် ကာကွယ်ဆေးအဖြစ်  သတ်မှတ်ပြဋ္ဌာန်းပေးကာ ရောဂါကူးစက်လွယ်သူတွေကို ဦးစားပေးပြီး ကာကွယ်ဆေးထိုးနှံ ပေးခဲ့ပါတယ်။

ကမ္ဘာ့ပထမဆုံး  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအဖြစ်မှတ်ပုံတင်ခွင့်ရတဲ့    ကာကွယ်ဆေးကတော့ Sputnik V  ကာကွယ်ဆေးဖြစ်ပြီး ရုရှားနိုင်ငံ ဂါမယ်လီယာ သုတေသနဌာနက ဖန်တီးဖော်စပ်ထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရုရှားနိုင်ငံဟာ နိုင်ငံသားတွေ အားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေ အခမဲ့ ထိုးပေးနေပါပြီ။ တရုတ်အစိုးရကလည်း ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးနေပါတယ်။

အနောက်နိုင်ငံတွေ အနေနဲ့ကတော့ ကာကွယ်ဆေးကို  နိုင်ငံအတွင်း အသုံးပြုခွင့်ပေးတဲ့ ပထမဆုံးနိုင်ငံက ဗြိတိန်ပါ။ သူတို့အသုံးပြုခွင့် ပေးလိုက်တာက ဖိုင်ဇာနဲ့ဘိုင်အိုအန်တက်ကုမ္ပဏီထုတ် ကာကွယ်ဆေး ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃၀ ရက်မှာတော့ အောက်စဖို့တက္ကသိုလ်နဲ့ အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ကာကွယ်ဆေးကို နိုင်ငံအတွင်း အသုံးပြုခွင့်ပေးလိုက်ပါပြီ။

အခုဆိုရင် နိုင်ငံအများအပြားဟာ ကာကွယ်ဆေးထိုးနှံမှုတွေကို စတင်လုပ်ဆောင်နေပါပြီ။ ဒါပေမဲ့ ဒီလိုကာကွယ်ဆေး ထိုးခွင့်ရရှိတဲ့ နိုင်ငံတွေဟာ ကမ္ဘာ့အထက်တန်းလွှာနိုင်ငံတွေသာ ဖြစ်နေပါသေးတယ်။

မည်သို့ပင်ဆိုစေကာမူ ၂၀၂၀ ပြည့်နှစ်ဟာ ကိုဗစ်-၁၉ ရောဂါနဲ့စတင်ပြီး ကာကွယ်ဆေးမျှော်လင့်ချက်နဲ့ အဆုံးသတ်တဲ့ နှစ်လို့ ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။

ဒါပေမဲ့လည်း တစ်ကမ္ဘာလုံးအနှံ့တော့  ကာကွယ်ဆေးရဦးမှာ မဟုတ်ပါဘူး။ နောက်နှစ်အကုန်ပိုင်းလောက်ကျမှသာ တစ်ကမ္ဘာလုံးနီးပါး ကာကွယ်ဆေးထိုးနိုင်မှာပါ။

ဒါကြောင့် ၂၀၂၀ ပြည့်နှစ်ဟာ နတ်ဆိုးဝင်စီးတဲ့နှစ်လို့ ဆိုနိုင်ပေမယ့်    နောင်မှာ အလားတူအဖြစ်မျိုးတွေ မဖြစ်ရလေအောင် ဘယ်လိုမျိုးနည်းနဲ့ ကြိုတင်ကာကွယ် ကြရမယ် ဆိုတာကို  သင်ခန်းစာ ယူနိုင်မယ့်နှစ်လည်း ဖြစ်နေကြောင်း ရေးသားတင်ပြရင်း ၂၀၂၁ ခုနှစ်မှာ ကျန်းမာခြင်းသုခ၊    ချမ်းသာခြင်းသုခနဲ့ ပြည့်စုံပြီး ကပ်ရောဂါကြီးကြောင့်   ကွဲကွာနေရတဲ့ မိသားစုတွေလည်း    အမြန်ဆုံး ပြန်လည်ဆုံစည်း နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ။