မြစ်တို့၏ သဘော

ယမန်နေ့မှအဆက်

မခင်ရီနှင့်ပန်းတို့သည်    ကိုသန်းနိုင်ကိုမီအောင် လိုက်လာကြသည်။

သို့သော် ကိုသန်းနိုင်မှာ ရုံးရှေ့တွင်မရှိပေ။ မခင်ရီ၊ပန်းနှင့် ကျော်ကျော်တို့အား စောင့်နေခြင်းမရှိ။

''သူ ဘာများအရေးကြီးကိစ္စရှိလို့ရယ်မသိပါဘူးကွယ်၊အေးအေးဆေးဆေးပဲပြန်ကြတာပေါ့''

သို့နှင့် သူတို့သားအမိသုံးယောက်သည် နောင်အေးတို့သားအမိကိုလည်းကောင်း၊     ကိုချစ်သောင်းနှင့်မမြသွေးကိုလည်းကောင်း စောင့်ဆိုင်းနေကြသည်။

''အန်ကယ်၊ ပန်း ကနေ့အလုပ်မဆင်းဘူး။ အန်ကယ်လည်း အလုပ်မဆင်းဘူးမဟုတ်လား''

ပန်းက ကိုချစ်သောင်းအား ခနဲ့၏။ကိုချစ်သောင်း တဟဲဟဲနှင့်။ မမြသွေးမှာ ၄ဝ နီးမှရှက်သွေးဖြာနေသည်။

''ဟဲ ဟဲ ငါ့တူမက အဖေတစ်ယောက်လုံးလွတ်လာတာမှ မပြောတော့ဘူးလား''

''အန်ကယ့်ကိုမပြောစေချင်ရင် မပြောပါဘူးလေ''

''ကဲ လာကြဟေ့။ ငါ့အိမ်ကိုရောက်ဖူးတယ်ရှိအောင်လိုက်ခဲ့ကြဦးဟေ့''

ဒေါ်လှမြတ်မင်းက သားအမိသုံးယောက်စလုံးကိုဖိတ်ခေါ်၏။

မခင်ရီမှာ ငြင်း၍မကောင်းသဖြင့် လိုက်လာရသည်။စိတ်ကတော့ ကိုသန်းနိုင် ဘယ်ရောက်သွားပါလိမ့်ဟု တွေးနေ၏။ အိမ်ရောက်သည်တွင် ဒေါ်လှမြတ်မင်းနှင့် အလိုက် သင့်စကားပြောရတာ၊  စေတနာအပြည့်နှင့်   ဟိုဟာ ဒီဟာကျွေးမွေးတာကိုလည်း တစ်ဖက်သားစိတ်ကျေနပ် အောင် စားရသေးသည်။

''ဟေ့  မခင်ရီရဲ့။  ငါ့အိမ်ကို    ညည်းအိမ်လို သဘောထားစမ်းပါ။ တစ်ရက်၊ နှစ်ရက်အတွင်းလည်း  ညည်းယောကျ်ားနဲ့တွေ့ရအောင်     လာခဲ့ပါဦးမယ်။  ငါကြားသလောက်တော့ ညည်းယောကျ်ားကလူတော်ပဲ။  ငါ သူနဲ့တွဲပြီးအလုပ်လုပ်ချင်တယ်'' စသော

''ညည်းသမီးနဲ့ငါ့သားကို   မြန်မြန်ပေးစားလိုက်ရ အောင်။   ဒါမှ   ဒီကောင်လည်းစာမေးပွဲအောင်မှာ။ နို့မို့ရင် လတ်လျားလတ်လျားနဲ့။ ပြီးတော့ လက်ထပ်ပွဲမှာ ညည်းတို့ဘာမှအကုန်အကျမခံနဲ့။ ငါချည်းခံမယ်။ ငါပဲ လက်ဖွဲ့မယ်''စသော

''ညည်းအမေဆီရောက်ရင်   ပြောလိုက်ပါအေ။ အမှတ်ရပါတယ်လို့ ဟုတ်လား။ မြို့ထဲရောက်ရင် ဝင်ပါ လို့။ အင်း လက်ဖက်ကောင်းကောင်းလေးရောက်မှ တစ်ပိဿာလောက်ပို့လိုက်ရဦးမယ်။ ဒါမှ ဝမ်းသာသွား အောင်''စသော

တစ်ခုပြီးတစ်ခုမထပ်အောင် မနားတမ်းပြောနေသည့် အတွက် ထိုင်၍ အင်းလိုက်နေရသည်။ စိတ်ကတော့ အိမ်မှာ။

အတော်ကြာကြာသည်းခံရပြီးမှ   နောင်အေးက ကားဖြင့်လိုက်ပို့သည်။

နောင်အေးက  ကိစ္စရှိသည်ဆိုကာ  ပြန်သွား၏။ အကယ်၍ အိမ်ထဲ၌ကိုသန်းရောက်နေတာသိလျှင် သူပြန်ချင်မှပြန်ဖြစ်ပေမည်။

မခင်ရီ    မိမိအခန်းထဲအဝင်တွင်    အိပ်ရာလိပ်နှင့် သေတ္တာကိုဆွဲထွက်လာသော ကိုသန်းနိုင်နှင့်ဝင်တိုးသည်။

''ဟင်၊ ဒါကဘယ်ကိုလဲ''

မခင်ရီက မထင်မှတ်တာကိုတွေ့ရသဖြင့် လှုပ်ရှား သွား၏။

''ဒီအိမ်မှာ မင်းတို့မရှိခိုက် ငါအိမ်စောင့်အဖြစ်လာနေ တယ်လေ။ မင်းတို့ရောက်လာတော့ ငါဖယ်ပေးတာပါ''

ကိုသန်းနိုင်က အေးဆေးစွာပြော၏။

''ဒယ်ဒီ''

''ဖေဖေ''

ကျော်ကျော်နှင့်ပန်းသည် မခင်ရီ၏အသံမြှင့်ပြောလိုက်တာ ကြားသဖြင့် ထွက်ကြည့်ရင်း  မြင်ရသဖြင့် ပြေးလာကြသည်။

''ဒယ်ဒီ မသွားရဘူး။ သားသား ဒယ်ဒီနဲ့ခွဲနေရတာ ကြာပြီ''

''ဖေဖေ့အပေါ်မှာစိတ်ဆိုးခဲ့တာတွေ၊ အထင်လွဲခဲ့တာ တွေ သမီးမှားပါတယ်ဖေဖေရယ်။ သမီးပြောခဲ့မိတာတွေ ကိုလည်း ခွင့်လွှတ်ပါနော်၊ သမီးမိုက်ခဲ့သမျှတွေအတွက်  အတိုးချပြီး ရိုရိုသေသေနဲ့ပြုစုပါရစေ ဖေဖေရယ်''

ပန်းသည် မာန်လျှော့၍ကန်တော့လေ၏။ ကိုသန်းနိုင်မှာ စိတ်ထိခိုက်သွားသည်။ သမီးအရွယ်ရောက်ကာမှ သမီး လူနှင့်သူနှင့်တူသော အပြုအမူ မျိုး မပြုလုပ်တာကြာပြီဖြစ်၍ ကန်တော့နေတာ ပန်းမှဟုတ်ရဲ့လားဟု     သေချာစွာငုံ့ကြည့်ပေမယ့် ပန်းသည် ခဏတစ်ဖြုတ် သူတစ်ပါးကိုအားကျလုပ်ကိုင် ဟန်၊ အချီးမွမ်းခံချင်၍ လုပ်ဟန်မဟုတ်မူ၊ နှစ်နှစ်ကာကာ ယုံကြည်သည့်အပြင် နောင်တနှင့်သတိတရားကလေး များပါ တွဲဖက်ဖိစီးနေပြီဟု သိသာလေ၏။

ကိုသန်းနိုင် စိတ်ထိခိုက်ရသည်မှာ ဝမ်းသာသော ကြောင့်ဖြစ်သည်။

ဝမ်းသာသဖြင့် မျက်ရည်များဝိုင်းချင်လာသလိုဖြစ်ပြီး

''သာဓုကွာ၊ သာဓု သာဓု။  သမီး ဒီလိုလိမ္မာတာတွေ့ရ တော့    ဝမ်းသာလို့မဆုံးပါဘူး''     ပြောသံမှာပင်  အက်တက်တက်ဖြစ်သွား၏။

''ဖေဖေ''

''သမီး''

''ဖေဖေသွားဖို့မလိုတော့ပါဘူး ဖေဖေရယ်။ ဖေဖေ့ သမီးဖြစ်ရတာ သမီးဂုဏ်ယူတတ်ပါပြီ ဖေဖေ။ ဖေဖေ့ သမီးဖြစ်ရတာကိုလည်း     သမီးဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုရင် ကံကောင်းလို့ပါပဲဖေဖေရယ်''

''ကျွန်တော်လည်း ဖေဖေ့သားပါပဲ။ ကျွန်တော့်မှာ ဒီပြဿနာကိုမပေါ်ဘူး''

ကျော်ကျော်က   ဝင်နှောက်တာမဟုတ်ပေမယ့်  ပန်းကိုထိခိုက်သည်။

''မင်း နားမလည်ပါဘူး ကျော်ကျော်ရယ်။ အသာ နေစမ်းပါ''

နောက်ဆက်၍

''ဒါကြောင့် ကနေ့ကစပြီး နောက်နောင်ကိုပဲဖြစ်ဖြစ်၊ အရင်ကဖြစ်ခဲ့တာပဲဖြစ်ဖြစ်၊ ဖေဖေ့ကြောင့် မေမေ့ ကြောင့်  ကျော်ကျော့်ကြောင့်ဆိုတာမျိုး  မခွဲခြားတော့ ပါဘူး ဖေဖေ။ ဒီမိသားစုအတွင်းမှာပေါ်ပေါက်လာတဲ့ ပြဿနာတိုင်းဟာ မိသားစုတစ်ခုလုံးနဲ့ပတ်သက်တယ်လို့ သမီးသဘောပေါက်ပါပြီ''

''ဖေဖေဝမ်းသာလိုက်တာ သမီးရယ်။    မိသားစု စိတ်ဓာတ်ဆိုတာ ဒါပဲသမီး။ တစ်အိမ်တည်းနေပြီး တသီးတခြားစိတ်မွေးတာ သိပ်စိတ်ပျက်စရာကောင်း တာပဲ။ ဒါက သူ့ကြောင့်၊ ဒါကတော့ ငါ့ကြောင့်လို့ဆိုတဲ့ ခွဲခြားစိတ်မွေးတာဟာ ရိုင်းလည်းရိုင်းတယ်။ အေးကွယ်၊  ဖေဖေဝမ်းသာတယ်''

ကိုသန်းနိုင်သည် ကြာမြင့်စွာပင် အနားမသီခဲ့။ ရန်ငြိုးချည်းသိုဖွဲ့နေခဲ့သော သမီး၏ခေါင်းကို ယုယစွာ သပ်ပေး၏။

''ဒီလိုယဉ်ကျေးတဲ့စိတ်ကလေးဝင်လာတော့ ပန်း ဆိုတဲ့နာမည်နဲ့လိုက်အောင် ငါ့သမီးမွှေးကြိုင်လာပြီ။ ရွှင်လန်းပြီး         ကျက်သရေတွေလည်းတိုးလာပြီ  ဟဲ ဟဲ''

ဆက်လက်ဖော်ပြပါမည်။