မိုးရွာသွန်းမှုကြောင့် ကောလင်းမြို့ ရပ်ကွက်သုံးခုအတွင်း ရေဝင်ရောက်

မိုးရွာသွန်းမှုကြောင့် ကောလင်းမြို့ ရပ်ကွက်သုံးခုအတွင်း ရေဝင်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ ရပ်ကွက်သုံးခုရှိ   မြေအနိမ့်ပိုင်းများအတွင်း  ဇူလိုင် ၃ ရက်  မွန်းလွဲပိုင်းက မိုးရွာသွန်းမှုကြောင့် ရေစတင်ဝင်ရောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း ကောလင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်သေးထံမှ သိရသည်။ ''မိုးတအားရွာတဲ့အတွက် ကောလင်းမြို့ ရပ်ကွက်သုံးခုက မြေအနိမ့်ပိုင်း နေရာတွေကို ရေဝင်တာပေါ့။  ဝန်းသိုမှာရွာတဲ့ မိုးက ၃ လက်မကျော်တယ်။  ကောလင်းက မိုးရွာသွန်းမှုက ၁ လက်မကျော် တယ်။ 
ဝန်းသိုမြို့မှာရွာတဲ့မိုးက    လျှံကျတဲ့ရေနဲ့ ကောလင်းမှာ ရေလာထောက်တာ။ အဓိကကတော့ ကောလင်းမြို့နယ် ကောပြင်ချောင်းရေ ထောက်ပြီး မြေအနိမ့်ပိုင်း ရပ်ကွက်သုံးခုမှာ ရေဝင်တာပါ''ဟု ၎င်းကပြောသည်။ မိုးရွာသွန်းမှုကြောင့် ကောလင်းမြို့ မြေအနိမ့်ပိုင်းဖြစ်သည့် ကျော်ဇေယျာ(၁)၊ ကျော်ဇေယျာ(၂)ရပ်ကွက်နှင့်မင်းတဲကြီးရပ်ကွက်တို့တွင် ၂ ပေမှ ၃ ပေအထိ ရေဝင်ရောက်လျက် ရှိကြောင်း သိရသည်။ ကောလင်း-ဝန်းသို ကားလမ်းပိုင်း ဘက်စုံရေကျော်နေရာတွင် မိုးရွာသွန်းမှုကြောင့် ၁ ပေခန့် ရေကျော်နေသဖြင့် ကောလင်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်သေး ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် ဖြတ်သန်း သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက်   ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။