ဝမ်းပျက်ဝမ်းလျှောရောဂါသည် ယခုလိုမိုးရာသီ ရောက်တိုင်း နှစ်စဉ် ကူးစက်ပြန့်ပွားနေကျ ရောဂါဆိုး တစ်ခုဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်နှင့် လမ်းများပေါ်ရှိ ရေဆိုးရေညစ်များနှင့် အတူ မိုးရေလျှံတက်လာသည်။ များမကြာမီ ရေပြန် ကျသွားသောအခါ အညစ်အကြေး အနယ်အနှစ်များ တင်ကျန်ရစ်ခဲ့ပြီး Vibiro Cholerae ခေါ် ဝမ်းရောဂါ ဖြစ်စေသော ကူးစက်ရောဂါပိုးမွှားများ ပေါက်ပွားမှု များပြားလာသည့်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်လာရသည်။ ထို့ပြင် မိုးရွာ၍ရေကြီးစဉ် ထိုညစ်ညမ်းသော ရေထဲဖြတ်လျှောက်သွားပြီးနောက် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကလည်း ရောဂါပိုး ကူးစက်ခံရရန် သေချာသလောက်ရှိနေပါသည်။
မသန့်ရှင်းသည့်အစားအစာများ၊ မသန့်ရှင်းသည့် သောက်ရေသုံးရေများ၊ အမှည့်လွန်သစ်သီးများ၊ ယင်နားစာများ၊ လက်လုပ်ချဉ်များ၊ သန့်ရှင်းမှု အားနည်းသည့် လမ်းဘေးအစားအစာများ စသည်တို့ကို အထူးသတိပြုရှောင်ရှားရပါမည်။ သို့မဟုတ်ပါက နောက်ဆက်တွဲပြဿနာများအဖြစ် အစာအိမ်နာခြင်း နှင့် အစာအဆိပ်သင့်ခြင်း အတွက်ကိုပါ စိုးရိမ်ရသည်။ အထူးသဖြင့် ကိုယ်ခံအားနည်းသော ရင်ခွင်ပိုက်ကလေးငယ်များ၊ ကျောင်းနေအရွယ် ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် အသက်အန္တရာယ် စိုးရိမ်ရသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်ဝမ်း ရောဂါဖြစ်ပွားသူ သုံးသန်းမှငါးသန်းအထိရှိပြီး ၄င်းတို့အနက် တစ်သိန်း သည် ဝမ်းရောဂါကြောင့် သေဆုံးကြရကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။
နာရီပိုင်းအတွင်း ဆန်ဆေးရည်အရောင်ကဲ့သို့ ဖြူကျဲကျဲ ဝမ်းအရည်များ အဆက်မပြတ်သွားခြင်း သို့မဟုတ် တစ်နေ့တည်းမှာပင် ဝမ်းအရည်သုံးကြိမ် နှင့်အထက် ဝမ်းသက်ခြင်း၊ ဝမ်းတွင်သွေးပါခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ပျော့ခွေခြင်း၊ အရည် ကောင်းစွာမသောက်နိုင်ခြင်း သို့မဟုတ် ခံတွင်း ခြောက်၍ ရေအငမ်းမရသောက်ပြီးနောက် ထိုရေ အတိုင်း ဝမ်းသွားခြင်း သို့မဟုတ် ပြန်အန်ထွက်ခြင်း စသည့်ရောဂါလက္ခဏာများပြနေပါက ဓာတ်ဆား ရည်များများသောက်ပြီး နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အချိန်မဆိုင်းဘဲ သွားရောက်ပြသင့်သည်။ အခြားသူများ သို့ ဝမ်းရောဂါ မကူးစက်စေဖို့အတွက် ဝမ်းသွားပြီးတိုင်း သန့်စင်ခန်း (အိမ်သာ)ကို ရေနိုင်နိုင်လောင်းချသင့် ပါသည်။ ဝမ်းပျက်ဝမ်းလျှောခြင်းကို ထိရောက်စွာ ကုသမှုမခံယူဖြစ်ပါက ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံး၍ သွေးပေါင်ကျကာ သတိလစ်ပြီး နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်၍ လုံးဝမပေါ့ဆသင့်ပေ။
မြန်မာနိုင်ငံရှိ အသက်ငါးနှစ်အောက်ကလေး ငယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွား မှုနှုန်းများပြားပြီး ၄င်းရောဂါသည် မြန်မာပြည်တွင် ဒုတိယအဖြစ်အများဆုံး ကလေးရောဂါတစ်ခုဖြစ် ကြောင်း၊ ထူးခြားဖြစ်စဉ် တစ်ရပ်အနေဖြင့် ၂ဝ၁၃ ခုနှစ်တွင် သုတေသနပြုခဲ့သော စစ်တမ်းများအရ မြန်မာနိုင်ငံရှိ အသက်ငါးနှစ်အောက်ကလေးငယ်များ သေဆုံးအရေအတွက်၏ ၁ဝ ရာခိုင်နှုန်းခန့်သည် ဝမ်ပျက်ဝမ်းလျှောရောဂါကြောင့်ဖြစ်ကြောင်း မှတ်တမ်း များအရ သိရသည်။ ၂ဝ၁၄ ခုနှစ်မှစ၍ သေဆုံးမှုနှုန်း လျော့ကျလာသော်လည်း ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနှုန်းမှာ ယနေ့ကာလအထိ အားရဖွယ်ကျဆင်းလာခြင်းမရှိသေးကြောင်း သိရသည်။ ထို့ကြောင့် မပေါ့ဆသင့်ပေ။
ဝမ်းလျှောခြင်းမှာ (၁)ကာလတိုဝမ်းလျှောခြင်း နှင့် (၂) ကာလရှည်ဝမ်းလျှောခြင်းဟူ၍ နှစ်မျိုးရှိပြီး ကာလတိုဝမ်းလျှောခြင်းက နှစ်ရက်ခန့်အကြာမှာ ရပ်တန့်သွားလို့ စိုးရိမ်ဖွယ်မရှိပေ။ ကာလရှည်ဝမ်း လျှောခြင်းတွင် ဝမ်းလျှောသည့်အကြိမ်ရေများ သည်နှင့်အမျှ ခန္ဓာကိုယ်ထဲမှာရေဓာတ်ဆုံးရှုံးသွား တာကြောင့် အချိန်မီကုသမှုခံယူသင့်သည်။ နောက်ဆက်တွဲပြဿနာများအဖြစ် အစာအိမ်နာခြင်း၊ အစာ အဆိပ်သင့်ခြင်း၊ သွေးပေါင်ထိုးကျသွားပြီး သတိလစ် ခြင်းအတွက်ပါ စိုးရိမ်ရပါသည်။
အောက်ပါအိမ်တွင်းကုထုံးများကလည်း ဝမ်းပျက် ဝမ်းလျှောခြင်းကို သက်သာပျောက်ကင်းစေနိုင်သည်။ ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးသည့် အနေဖြင့် ရေကျက်အေးများများသောက်ပါ၊ ဆားနှင့် သကြားကို ဆတူရော၍သောက်ပါ သို့မဟုတ် သီးစုံ ဓာတ်ဆားရည်သောက်ပါ၊ လက်ဖက်ရည်ကြမ်းထဲကို သကြားအနည်းငယ်ထည့်သောက်ပါ။ ချင်း(ဂျင်း)ပြုတ်ရည်သောက်ပါ၊ အမည်းရောင်ထန်းလျက်ကျိုပြီး အနည်စစ်သောက်ပါ။ အုန်းစိမ်းရည်သောက်ပါ။ (မည်သည့်အရည်မျိုးကိုပဲသောက်သောက် အအေးခံ၍ သောက်ပါ)
ဒိန်ချဉ်စားပါ။ ဒိန်ချဉ်ထဲမှာပါရှိသော လက်တစ် အက်စစ်က အစာအိမ်နှင့် အူလမ်းကြောင်းထဲရှိ ဝမ်းသွားစေသော ဗက်တီးရီးယားပိုးများကို သေစေ နိုင်သည်။ (ဒိန်ချဉ်ထဲကို သကြား၊ ထန်းလျက်ရည် မရောဘဲ ဖြစ်နိုင်ရင်သူ့ချည်းစားပါ) ဝမ်းလျှောသည့်အကြိမ်ရေများပါက သိသိသာသာ ပိန်ကျသွားပြီး အားအင်ကုန်ခန်းသွား၍ သက်သက် သာသာ အနားယူပါ။ ဝမ်းသွားခြင်းရပ်တန့်သွား သော်လည်း နောက် ၁ဝ ရက်ခန့်ကြာသည်အထိ နို့ထွက် ပစ္စည်းများဖြစ်သော နို့၊ ချိစ်၊ ဒိန်ခဲ၊ မလိုင်၊ ပူတင်း၊ ကော်ဖီတို့ကို မစားသောက်သင့်ပေ။
အာဟာရအပြည့်မြန်ကာ မပျော့လွန်းမမာလွန်း ကစီဓာတ်ကြွယ်ဝသော အစားအစာများဖြစ်သည့် ထမင်း၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ခေါက်ဆွဲ၊ အာလူး၊ မုန်လာဥနီ၊ ကြက်သား၊ ငါး၊ ဘီစကွတ်မုန့်တို့ကို စားပေး နိုင်ပါသည်။
အမျှင်ဓာတ်များသော အစားအစာများက အစာအိမ် နှင့်အူကို အလုပ်ရှုပ်စေနိုင်၍ ဝမ်းလျှောပြီးနောက် သုံးရက်လေးရက်ခန့်ကြာသည်အထိ မစားသင့်ပေ (ကွေကာအုတ်ကလည်း အမျှင်ဓာတ်များသော အစားအစာထဲတွင်ပါနေ၍ရှောင်ပါ။ chamomile ခေါ် အဝါရောင်ဝတ်ဆံနှင့် ပွင့်ချပ်ဖြူဖြူပွင့်တဲ့ တောပန်းလေးတွေက ဝမ်းပျက်စေတဲ့ ပိုးမွှား အန္တရာယ်မှ ကာကွယ်ပေးနိုင်သဖြင့် ထိုတောပန်း လေးများကို လက်ဖက်ခြောက်လိုမျိုးရေနွေးကြမ်းခတ်ကာ အအေးခံ၍သောက်နိုင်ပါသည်။ (City Mart ဆိုင်တွေမှာ chamomile tea အနေ အထုပ်လေးတွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်သည်)
ဘလူးဘယ်ရီသီးထဲတွင်ပါရှိသော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများက အူလမ်းကြောင်းထဲရှိ ဝမ်းပျက် ဝမ်းလျှောပိုးတွေကို သုတ်သင်ပေးနိုင်သည်။ (မြန်မာပြည်
မှာ ဘလူးဘယ်ရီသီးမရနိုင်သော်လည်း နိုင်ငံခြားဖြစ် ဘလူးဘယ်ရီသီးနှင့် ၄င်းဖျော်ရည်ဘူးများကို City Mart ဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါသည်)
လိမ္မော်သီးအခွံက ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် ကောင်းကျိုးပြုနိုင်သည်။ လိမ္မော်ခွံကို ပြုတ်၍သော် လည်းကောင်း၊ ရေနွေးဆူဆူခတ်၍သော်လည်းကောင်း အအေးခံ၍ သောက်သုံးသင့်ပါသည်။
ကုလားဟင်းချက်ရာတွင် အသုံးပြုလေ့ရှိသော ပဲနံ့သာပင်အစေ့ကို ရေစိမ်၍သောက်ပါ။ (ပဲနံ့သာပင် အစေ့များကို အိန္ဒိယရိုးရာ ပရဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါသည်)
ဆီးသီးလုံးခန့်ပမာဏရှိသော နနွင်းမှုန့်ကို ရေနွေး ကြမ်းဖြင့် သုံးရက်ဆက်တိုက်သောက်ပါ။ လုံးဝပျောက်ကင်းနိုင်ပါတယ်။ အသက် ၂ဝ နှင့်အထက် လူနာဖြစ်ပါက ငရုတ် ကောင်းအလုံး ၂ဝ ကိုလှော်ပါ။ နှစ်မိနစ်ခန့် လှော်ပြီး နောက် အမှုန့်ကြိတ်ပါ။ ရလာသောအမှုန့်ကို အရက်ဖြူတစ်ဇွန်းနှင့်အတူ ရေအေးတစ်ဇွန်း ရောစပ်ပြီးသောက်ပါ။ သီးသီးအမှည့်စားပါ၊ သစ်ကြားသီးစားပါ။ ရေသဖန်း ပင်အခေါက်ကိုပြုတ်သောက်ပါ။ မန်ကျည်းသီးစိမ်းစားပါ။ ပိန္နဲပွင့်သုပ်စားပါ။ ပိန္နဲသီးအနုဟင်းချက်စားပါ။ စမုန်နက် စားပါ။ ဂွေးသီးမှည့်စားပါ။ ကရဝေးသီးစားပါ။ ကြေးပန်း အရွက်ကို ပြုတ်သောက်ပါ။ ကြောင်လျှာမြစ်ပြုတ် သောက်ပါ။ သရက်စေ့အဆန်ကို ဝါးစားပါ။ ကြာဖြူ ကြာညို ဝတ်ဆံများစားပေးပါ။ ငါးပြက်စားပါ၊ ချေ(တောချေကောင်သား)သားစားပါ။ ပရန္နဝါမြစ် သွေး၍သောက်ပါ။ ဇာတိပ္ဖိုလ်သီးသွေးသောက်ပါ။ ဆန်ဆေးရည်သောက်ပါ။ ကရမက်သွေး၍သောက်ပါ။ မြေအိုးတစ်လုံးထဲမှာ ကန်စွန်းရိုးနီ ၁ဝ ပင်ခန့်ကို သင့်သလိုဖြတ်တောက်၍ အညိုရောင်ထန်းလျက် ၁၅ ကျပ်သားထည့်ကာ ကန်စွန်းပင်ရေမြုပ်သည်ထိ ရေဖြည့်၍ ကန်စွန်းညွန့်များ နူးအိလာအောင် ပြုတ် ပေးပါ။ ထိုပြုတ်ရည်အား ရေဆာတိုင်းသောက်ပါ။ တစ်ကြိမ်သောက်လျှင် ရေနွေးကြမ်းပန်းကန်လုံး တစ်လုံးခန့် သောက်ပေးရပါမည်။ ဤနည်းအတိုင်း ငါးကြိမ် ခြောက်ကြိမ်ခန့်သောက်ပြီးပါက သူ့အလိုလို ဝမ်းရပ်သွားပါလိမ့်မည်။
အချုပ်အားဖြင့်ဆိုသော် ဝမ်းပျက်ဝမ်းလျှောခြင်း သည် မိုးတွင်းကာလတစ်ခုတည်းမှာ သာမဟုတ်ဘဲအချိန်ကာလမရွေး လူကြီး လူရွယ် လူငယ်မရွေး ဖြစ်တတ်သောရောဂါဖြစ်ပြီး အခန့်မသင့်ပါက အစုလိုက်အပြုံလိုက် ကာလဝမ်းရောဂါဖြစ်တတ်ပါ သည်။ ထို့ကြောင့် မပေါ့ဆသင့်သောရောဂါဖြစ်ကြောင်း ထပ်လောင်း၍ သတိပေးလိုက်ရပါသည်။ ။