ဆီနိုဖမ်းကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဈေးကွက်တင်သွင်းခွင့်ရ

တရုတ်တာဝန်ရှိသူများသည် ဆီနိုဖမ်းကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒီဇင်ဘာ ၃၁ ရက်တွင် အခြေအနေအရ ဈေးကွက်တင်သွင်းခွင့်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးသည် ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသော နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို ကာကွယ်ရာတွင် ၇၉ ရာခိုင် နှုန်းအထိ အာနိသင် ထိရောက်မှုရှိကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ကာကွယ်ဆေးကို ဈေးကွက်အတွင်း တင်သွင်းခွင့်ပြုခြင်းကြောင့် တရုတ်နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို အမြန်ဆုံး တိုက်ဖျက်နိုင်စေမည် ဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အလုပ်သမားများ အများဆုံးပါဝင်သည့် လူဦးရေ ၄ သန်းခွဲဝန်းကျင်မှာ အရေးပေါ် အသုံးပြုခွင့်ရထားသည့် ကာကွယ်ဆေးများကိုသာ  ထိုးနှံထားရသည်။

ထို့ပြင် ယခုကဲ့သို့ခွင့်ပြုပေးခြင်းသည် နိုင်ငံအတွင်းရှိလူဦးရေ ၁ ဒသမ ၃ ဘီလီယံကို ကာကွယ်ဆေးထိုးရာတွင် အချိန်တိုအတွင်း ကာကွယ်ဆေးလောက်ငမှုကို ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင်  တရုတ်နိုင်ငံအတွင်းရှိ ပြည်သူများအားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အခမဲ့ထိုး ပေးသွားမည်ဟု အစိုးရက ကတိပြုထားသည်။

အလားတူ ၎င်း၏ပြည်တွင်းဖြစ် ကာကွယ်ဆေးများကို ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသော နိုင်ငံများသို့  သင့်တင့်သော ဈေးနှုန်းဖြင့် ပြန်လည်မျှဝေ သွားမည်ဟု တရုတ်အစိုးရက ကတိပြုထားသေးကြောင်း သိရသည်။

Ref: Bangkok Post