ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌  ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၁၆

COVID-19  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်()မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မရှိခဏမဟာဃောသီတာရုံဘုန်းတော်ကြီးကျောင်း၊ ရွှေကျင်မြို့နယ်၊ ကျွန်းတဲစုကျေးရွာ၊ ဓမ္မပါလဘုန်းတော်ကြီးကျောင်း၊ ပေါက်ခေါင်းမြို့၊ အမှတ်()ရပ်ကွက်၊ အသောကာရုံကျောင်းနှင့် ပေါင်းတည်မြို့နယ်၊ နဘဲတုန်းကျေးရွာဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်()မျိုးနှင့် လှူဖွယ်ပစ္စည်းများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

   

ထို့အပြင် COVID-19  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက်  တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

   

ယနေ့တွင်  ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့၊ ကလောမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ဖယ်ခုံမြို့၊ ခိုလမ်မြို့၊ နမ့်စန်မြို့၊ မိုင်းကိုင်မြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဖားဆောင်းမြို့၊ ဒီးမော့ဆိုမြို့၊ ဘောလခဲမြို့၊  ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ဒလမြို့နယ်၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေကျင်မြို့နယ်၊ ပေါက်ခေါင်းမြို့နှင့် ပေါင်းတည်မြို့နယ်တို့၌ တပ်မတော်မှဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို COVID-19  ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask  အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်း စာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ Mask  များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများ ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာ ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။