ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်း ဖြစ်ပေါ်လာနိုင်သည့် လာနီညာ အခြေအနေ

နေပြည်တော်  ဇန်နဝါရီ  ၁

အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထု ဖြစ်စဉ်များအရ လက်ရှိတွင်  အားအသင့်အတင့်ရှိသော   လာနီညာ အခြေအနေတွင် ရှိနေပါသည်။

နိုင်ငံတကာမိုးလေဝသ ဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ ဇန်နဝါရီလအတွင်း  အားအသင့် အတင့် ရှိသော လာနီညာ အဆင့်တွင် ဆက်လက် တည်ရှိနိုင်ပြီး ဖေဖော်ဝါရီလတွင် အားအနည်းငယ်ရှိသော  လာနီညာ အဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

လာနီညာ ဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာ ဖြစ်စဉ် ကြောင့် အကျိုး သက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့မြောက် မုတ်သုံလေ အားကောင်းမှုကြောင့်  မြန်မာ နိုင်ငံတွင် ညအပူ ချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှလေပွေ လှိုင်းများ တိုက်ခတ်ခြင်း၊ အချိန် အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်များ ပိုမို ဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတု ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည်။

လာနီညာ ဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့် တစ်ပြေးညီ ဆက်လက် ထုတ်ပြန် ပေးပို့ သွားမည်ဖြစ်သည်။  

(မိုး/ဇလ)