လာမည့်ဘောလုံးရာသီတွင် ဧရာဝတီယူနိုက်တက်အသင်း ပြည်တွင်း ကစားသမားများဖြင့်သာ ယှဉ်ပြိုင်ရန်စီစဉ်

လာမည့်ဘောလုံးရာသီတွင်  ဧရာဝတီယူနိုက်တက် အသင်းအနေဖြင့်   ပြည်ပကစားသမား ခေါ်ယူမှု မပြုလုပ်ဘဲ ပြည်တွင်း ကစားသမားများဖြင့်သာ   ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း  အသင်းတာဝန်ရှိသူ တစ်ဦးကပြောသည်။

ဧရာဝတီ  ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက  ဇင်ဘာဘွေ နောက်ခံကစားသမား  ဗစ်တာ၊ နိုက်ဂျီး ရီးယားတိုက်စစ်မှူး ဆာဆက်နှင့် အိုင်ဗရီ ကို့စ်တိုက်စစ်မှူး  မိုက်ကယ်တို့ကို ခေါ်ယူ အသုံးပြုခဲ့သည်။

သို့သော် ၂၀၂၀ ဘောလုံးရာသီဝက်တွင် မိုက်ကယ်နှင့် လမ်းခွဲခဲ့ပြီး ဆာဆက်နှင့် ဗစ်တာတို့သည်လည်း  ရာသီကုန်တွင်  စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည်။

လာမည့်ဘောလုံးရာသီတွင် ဧရာဝတီယူနိုက်တက် အသင်းအနေဖြင့် အသုံးစရိတ် လျှော့ချမည်ဖြစ်သည့်အတွက်   ပြည်ပ ကစားသမားသစ်များ  ခေါ်ယူမှုပြုလုပ် မည်မဟုတ်ကြောင်း သိရသည်။

အသင်းက AFC Cup အဆင့် ဝင်ခွင့် မရထားသလို COVID-19 ရောဂါအခြေအနေကြောင့် ပြည်ပကစားသမား မခေါ် ဖို့စီစဉ်ထားတယ်။ ပြည်တွင်းကစားသမားတွေနဲ့ အသင်းကို ဖွဲ့စည်းမှာပါ။ စာချုပ် သက်တမ်းကုန်ပြီး  လစာမြင့်မားတဲ့ လက် ရွေးစင်အဆင့် ကစားသမား တချို့နဲ့လည်း လမ်းခွဲမှာပါ။   ၂၀၂၁ ခုနှစ်မှာ  အသင်းကို ခြေစွမ်းခြေစရှိတဲ့   လူငယ်ကစားသမားတွေနဲ့    စီနီယာကစားသမားတချို့ကို ပေါင်းစပ်ဖွဲ့စည်းပြီး  ယှဉ်ပြိုင်ဖို့စီစဉ်ထား ပါတယ်}} ဟု ၎င်းကပြောသည်။

၂၀၂၀  ပြည့်နှစ်   ဒီဇင်ဘာလကုန်က ဧရာဝတီယူနိုက်တက် အသင်း၏ လက်ရွေးစင်အဆင့်   ကစားသမားများဖြစ်သည့် ကျော်ဇင်လွင်၊  ကျော်ဇင်ဖြိုး၊  တင်ဝင်းအောင်၊ ဇော်ဝင်း၊ သီဟဇော်၊ ဇော်လင်း၊ နန်းထိုက်ဇော်၊ စိုးမိုးကျော်၊ လွင်မိုးအောင်၊ သီဟထက်အောင်တို့သည်   အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

  ကိုရဲ