နိုင်ငံပေါင်း ၅၀ ကျော်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းစတင်

တရုတ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါစတင်တွေ့ရှိကာ တစ်ကမ္ဘာလုံးသို့ပျံ့နှံ့ပြီး တစ်နှစ်အကြာတွင် နိုင်ငံပေါင်း ၅၀ နီးပါး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို စတင်နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၌   ပြည်သူ ငါးသန်းနီးပါးမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးမှုခံယူပြီး ဖြစ်သည်။ ဆီနိုဖမ်းကုမ္ပဏီထုတ် ကာကွယ်ဆေးက ကိုဗစ်-၁၉ ရောဂါကို ၇၉ ရာခိုင်နှုန်း  ကာကွယ်နိုင်သည်ဟု တရုတ်အစိုးရက ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ပြီး ဈေးကွက်တင်ခွင့်ပြုထားသည်။

ရုရှားနိုင်ငံသည် ပြည်တွင်းထုတ် Sputnik V ဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ကာကွယ်ဆေးထိုးလုပ်ငန်းကို စတင်သည်။  ဘယ်လာရုနှင့် အာဂျင်တီးနားနိုင်ငံ တို့ကလည်း အဆိုပါ ကာကွယ်ဆေးကို နိုင်ငံအတွင်း အသုံးပြုခွင့်ပေးထားပြီး ဒီဇင်ဘာ ၂၉ ရက်တွင် ကာကွယ်ဆေးထိုးလုပ်ငန်းကို စတင်လုပ်ဆောင်သည်။

အလားတူ အယ်ဂျီးရီးယားနိုင်ငံက ဇန်နဝါရီလအတွင်း Sputnik V ကာကွယ်ဆေးထိုးမည်ဖြစ်သည်။ ဗြိတိန်နိုင်ငံ၌   ဒီဇင်ဘာ ၈ ရက်မှ ၂၇ ရက်ကြားတွင် ဖိုင်ဇာနှင့်ဘိုင်အိုအန်တက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်သူကိုးသိန်းခွဲ အားထိုးပေးပြီးဖြစ်သည်။

ကနေဒါနှင့်အမေရိကန်တို့၌ ဒီဇင်ဘာ ၁၄ ရက်တွင် ကာကွယ်ဆေးထိုးလုပ်ငန်းကို စတင်ကာ ဆွစ်ဇာလန်နိုင်ငံ၌ ၂၃ ရက်တွင် လည်းကောင်း ဖိုင်ဇာနှင့်ဘိုင်အိုအန်တက် ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။        

Ref: Bangkok Post