တူရကီအနောက်ပိုင်း၌ ရှေးဟောင်းရေကန်လေးခုကို တွေ့ရှိ

တူရကီရှေးဟောင်း သုတေသနပညာရှင်များသည် နိုင်ငံအနောက်ပိုင်း ရှေးဟောင်းမက်ထရိုပိုလစ်မြို့၌   တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော ရေကန်လေးခုကို တွေ့ရှိကြောင်း Hurriyet Daily သတင်းဌာနက ထုတ်ပြန်သည်။

မာနီဆာဆယ်လယ်ဘာယာတက္ကသိုလ်ရှေးဟောင်းသုတေသနဌာနမှ   ပါမောက္ခဆာဒါအေဘတ် ဦးဆောင်သော သုတေသန အဖွဲ့သည်    ဇူလိုင်လမှစ၍ တူးဖော်မှုကို ပြုလုပ်ခြင်းဖြစ်ပြီး    ထိုတူးဖော်မှုအတွင်းအနက် ၇ မီတာ၌ အကောင်းတိုင်းနီးပါးရှိနေသော ထိုရေကန်များကို တွေ့ရှိခြင်း ဖြစ်သည်။

ခိုင်ခံ့သောအုတ်တံတိုင်းများ ကာရံထားသည့် ထိုရေကန်များကို ရောမခေတ်နှောင်းပိုင်းတွင် မြို့၏လိုအပ်ချက်အရ ရေထောက်ပံ့ရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရကြောင်းသိရသည်။

အဆိုပါ ရေကန်များကို တည်ဆောက်ရခြင်း၏    အခြားရည်ရွယ်ချက်တစ်ခုမှာ စစ်ဖြစ်ချိန်တွင် အရန်ရေသိုလှောင်နိုင်ရေး အတွက် ဖြစ်နိုင်ကြောင်းနှင့် ရေကန်လေးခုစလုံး၏ ရေဝင်ဆံ့ပမာဏမှာ  တန် ၆၀၀ ရှိကြောင်း သုတေသီများက ပြောသည်။

ရှေးဟောင်းသုတေသနပညာရှင် များအနေဖြင့် ထိုခေတ်ကာလ၏ ထူးဆန်းသော ပုံပန်းသွင်ပြင် အများအပြားကို  ဖော်ထုတ် ပေးမည့် အရေးပါသော အရာအဖြစ်  ထိုသို့တွေ့ရှိမှုကို ကြိုဆိုဂုဏ်ပြုထားသည်။

ရှေးဟောင်းသုတေသန ပညာရှင်များသည် မက်ထရိုပိုလစ်ရှေးဟောင်းမြို့တော်၏ လျှို့ဝှက်ချက်များကို ၁၉၉၀ ပြည့်နှစ်မှ စ၍ဖော်ထုတ်သိရှိခွင့်ရပြီး    ရှေးဟောင်းတူးဖော်မှုများအတွင်း ဂရိစာပေနှင့် ယဉ်ကျေးမှုပြဇာတ်ရုံနှင့်    ကောင်စီရုံးကဲ့သို့ အဆောက်အအုံများ၊     ရောမခေတ်အားကစားကွင်းများနှင့် လမ်းမများကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

Ref: Sputnik