အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၁၆

   

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၊ အုတ်တွင်းမြို့နယ်၊ လက်ပံခုံကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းခွဲ၊ ကြက်သွန်ခင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းနှင့် ကျောက်ကြီးမြို့၊ ပဲခူးရပ်ကွက်၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲနှင့် စဝင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတို့၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂများနေရာချထားပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ အသီးသီး ဆောင်ရွက် ပေးကြသည်။

   

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ပုဂံတောင်ကျေးရွာရှိ ပုဂံတောင် အရှေ့ကျောင်းတိုက် အတွင်း၊ အပြင်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်မှ တပ်မတော်သားများက ခြင်ဆေးဖျန်းပေးခြင်း၊ ချုံနွယ်၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထွက်ရှိလာသည့် အမှိုက်များအား လွတ်ကင်းရာသို့ သယ်ဆောင်ပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။