ဘိုင်အိုအန်တက် ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ယာယီပြတ်လပ်နိုင်ဟုဆို

ဂျာမနီနိုင်ငံ၏ ဘိုင်အိုအန်တက်ကုမ္ပဏီ အနေဖြင့် မိတ်ဖက်ဖိုင်ဇာ ကုမ္ပဏီနှင့်လက်တွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းနေသော်လည်း အခြားကာကွယ်ဆေးများ ဖြန့်ချိနိုင်သည့် ကာလအထိ ကာကွယ်ဆေးယာယီ ပြတ်လပ်နိုင်ကြောင်း အဆိုပါ ကုမ္ပဏီ ပူးတွဲတည်ထောင်သူတစ်ဦးက ပြောသည်။

တက်သစ်စကုမ္ပဏီဖြစ်သော ဘိုင်အိုအန်တက်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်မှုကဏ္ဍတွင် ဦးဆောင်နေသော်လည်း   ဂျာမနီအစိုးရ၏ အမှာစာ အနည်းငယ်နှင့် ဥရောပဒေသရှိ တာဝန်ရှိသူများ၏ ဆေးဝါးအသုံးပြုခွင့် နှေးကွေးမှုကြောင့် ထိုကုမ္ပဏီထုတ် ကာကွယ်ဆေးများမှာ ဥရောပဒေသတစ်ဝန်းသို့ ရောက်ရှိရန် ကြာမြင့်နေသည်။

ယခုမူ အဆိုပါ ကုမ္ပဏီ၏ထုတ်ပြန်ချက်က ဂျာမနီနိုင်ငံအတွင်းရှိ ပြည်သူများကို အံ့သြတုန်လှုပ်စေပြီး   ထိုနိုင်ငံအတွင်းရှိ ပြည်နယ်အချို့က ကာကွယ်ဆေးထိုးနှံပေးမှု အစီအစဉ်စတင်သည့် ဒီဇင်ဘာ ၂၇ ရက်ပြီးနောက် ကာကွယ်ဆေးထိုး ဌာနများကို ယာယီပိတ်လိုက်ရသည်။

လက်ရှိတွင် ဥရောပဒေသ၌  အခြားကာကွယ်ဆေးများကိုလည်း အတည်မပြုရသေးသောကြောင့် ကြားထဲတွင်ကာကွယ် ဆေးယာယီပြတ်လပ်နိုင်ကြောင်း ဘိုင်အိုအန်တက်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အူဂါဆာဟင်းက ပြောသည်။

ဥရောပဆေးဝါးကွပ်ကဲရေး ဌာနအနေဖြင့် မိုဒန်နာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇန်နဝါရီ ၆ ရက်တွင် အသုံးပြုခွင့် ပေးမည်ဟု မျှော်မှန်းရသည်။

ထို့ပြင်    အောက်စဖို့တက္ကသိုလ်နှင့် အက်စထရာဇီနီကာကုမ္ပဏီတို့ ဖော်စပ်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကိုလျင်မြန်စွာ အတည်ပြုရန် ဂျာမနီကျန်းမာရေး ဝန်ကြီးဂျန်းစဖတ်က ဥရောပဆေးဝါး ကွပ်ကဲရေးဌာနကို တိုက်တွန်းထားသည်။

ဖိုင်ဇာနှင့် ဘိုင်အိုအန်တက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သည်လည်း ဗြိတိန်၌ ပထမဆုံးတွေ့ရှိသော ဗီဇပြောင်းဗိုင်းရပ်ကို ကာကွယ်နိုင်မည်ဟု ယူဆကြောင်း အူဂါဆာဟင်းက ပြောသည်ဟု သိရသည်။

Ref: TST