စိတ်ဝင်စားဖို့ကောင်းတဲ့ အီဂျစ်ပိရမစ်များအကြောင်း (၁)

ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ရှေးဟောင်း အပျက်အစီးအပိုင်းအစတွေကို ရှာတွေ့ရာကနေ ပိရမစ်တွေ အကြောင်းကို သိရှိခဲ့ပါတယ်။ ပိရမစ်တွေ ဆိုတာက ထုချွန်းပုံသဏ္ဌာန်ရှိပြီး အလွန်ကြီးမားလှတဲ့ အဆောက်အအုံကြီးတွေ ဖြစ်ပါတယ်။ သူတို့မှာ အနားလေးဖက် သို့မဟုတ် သုံးဖက်ရှိပါတယ်။

ပိရမစ်တွေက ကမ္ဘာတစ်ဝန်းမှာ တွေ့ရလေ့ ရှိပေမယ့် ပိရမစ်လို့ဆိုတာနဲ့ အီဂျစ်နိုင်ငံကို တွဲပြီး မြင်မိလောက်တဲ့အထိကို  အဲဒီနိုင်ငံက  ပိရမစ်တွေက  အလွန်ကိုပဲ ဆွဲဆောင်မှုရှိပါတယ်။    ဒီလိုဆွဲဆောင်မှုရှိရတဲ့ အကြောင်းရင်းကတော့ အီဂျစ်မှာရှိတဲ့ ပိရမစ်တွေဟာ   ထုထည်အားဖြင့်  အလွန်ကြီးမားတဲ့အပြင်  ပိရမစ်တစ်ခုစီမှာလည်း   မတူညီတဲ့ သမိုင်းကြောင်းတွေနဲ့    စိတ်ဝင်စားဖွယ်ကောင်းတဲ့  အချက်အလက် တွေရှိနေတာကြောင့် ဖြစ်ပါတယ်။

ပိရမစ်တွေကို တည်ဆောက်ရာမှာ စနစ်တကျ တွက်ချက်ပြီး   ဂရုတစိုက်နဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက်  သူတို့ကိုစက်အင်အား  အကူအညီမပါဘဲ ဖြိုချမယ်ဆိုရင်တောင်  နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။   

နောက်ထပ်ထူးခြားတဲ့အချက်ကတော့   ဒီလိုမျိုး ကြီးမားခိုင်ခံ့လှတဲ့ ပိရမစ်တွေကို ဘယ်လိုနည်းပညာတွေ အသုံးပြုပြီး     တည်ဆောက်ခဲ့လဲဆိုတာပါပဲ။

ဒီအချက်ကြောင့်လည်း ရှေးဟောင်းသုတေသန ပညာရှင်တွေက  တခြားအရာတွေထက် အီဂျစ်ပိရမစ်တွေကို ပိုပြီးစိတ်ဝင်စားကြတာပါ။  

ဒါကြောင့် ဒီတစ်ပတ်အတွက် ကမ္ဘာ့မှတ်စု အစီအစဉ်ကနေ တင်ပြပေးချင်တဲ့   စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာကတော့  အီဂျစ်နိုင်ငံရဲ့ ပိရမစ်တွေ အကြောင်းပဲ ဖြစ်ပါတယ်။

အုတ်ဂူတွေကို ထိန်းသိမ်းဖို့

ရှေးခေတ်အီဂျစ်နိုင်ငံမှာ ထုထည်ကြီးမားလှတဲ့ အုတ်ဂူကြီးတွေဟာ သာမန်ပြည်သူတွေအတွက်မဟုတ်ဘဲ ဖာရိုဘုရင်များ အတွက်သာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရင်တုန်းက ဖာရိုဘုရင်တွေဟာ အသက်လွန်စွာ ရှည်ကြတဲ့အတွက် လက်ရှိမြင်တွေ့နေရတဲ့ ပိရမစ်တွေကလည်း အရေအတွက် အနည်းငယ်သာ ရှိတာပါ။

ရှေးခေတ်အီဂျစ်လူမျိုးတွေက တမလွန်ဘဝကို အင်မတန်မှ အယူအစွဲကြီးကြပါတယ်။ ဘယ်လောက်အထိ အယူကြီးလဲဆိုရင်  သေသွားတဲ့ သူတို့ခန္ဓာကိုယ်ဟာ သူတို့ရှင်သန်နေစဉ်တုန်းက အတိုင်းပဲ ဆက်လက်တည်ရှိနေတယ်လို့ ယူဆတဲ့အထိပါပဲ။

ဒီအတွက်ကြောင့် သူတို့ရဲ့ အလောင်းတွေနဲ့ ဝိညာဉ်တွေကို အကောင်းပကတိအတိုင်း ရှိနေစေဖို့ တစ်နည်းအားဖြင့် အလောင်းကို မပုပ်မသိုးစေဖို့အတွက် အုတ်ဂူတွေကို အသုံးပြုတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အုတ်ဂူတွေ များပြား လာတာနဲ့အမျှ ဒီအုတ်ဂူတွေကို ကာကွယ်ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတာကို လူတွေက တွေးထင်လာကြပါတယ်။ ဒီလိုအတွေးကြောင့်ပဲ ယနေ့မြင်တွေ့နေရတဲ့ ပိရမစ်တွေကို တွေ့ရှိရတာပါ။

အဓိကအားဖြင့် ပိရမစ်တွေဟာ ဖာရိုဘုရင်တွေရဲ့ အုတ်ဂူတွေအတွက်သာ ဖြစ်ပါတယ်။ တခြားလူသိနည်းတဲ့ သူတွေကတော့ မိုနာလို့ခေါ်တဲ့ အုတ်ဂူတွေကိုသာ တည်ဆောက်ခွင့် ရှိပါတယ်။

အဲဒီမိုနာတွေကိုတော့ ပိရမစ်ကြီးတွေရဲ့အောက်မှာတွေ့ရှိနိုင်ပြီး  သူတို့အနေနဲ့ ဖာရိုဘုရင်တွေနဲ့ ဘယ်လိုဆွေမျိုး တော်စပ်တယ်။ ဘယ်လိုရာထူးကနေ တာဝန်ယူခဲ့တယ် ဆိုတာကို ဖော်ပြထားလေ့ ရှိပါတယ်။

 

ပိရမစ်ဆောက်ဖို့ ကျေးကျွန်တွေကို ဖိအားမပေး

ရှေးခေတ်အီဂျစ်နိုင်ငံမှာ ဘုရင်တစ်ပါး နန်းတက်ပြီ ဆိုတာနဲ့ သူတို့အရင်ဆုံး လုပ်လေ့ရှိတဲ့အလုပ်က သူတို့အတွက် ပိရမစ်တစ်လုံး တည်ဆောက်ဖို့ပါ။ ဒီလိုတည်ဆောက်ရာမှာလည်း ဆောက်လုပ်ရေးတာဝန်ခံတွေက တိုင်းသူပြည်သား တွေ၊ ကျေးကျွန်တွေကို အဓမ္မဖိအားပေးပြီး ခိုင်းစေခဲ့တယ်လို့ အများစုက ယုံမှတ်ထားလေ့ ရှိပါတယ်။ တကယ်တမ်းတော့ အဲဒါမမှန်ပါဘူး။ ပိရမစ်ဆောက်ဖို့အတွက် အလုပ်သမားတွေက သူတို့သဘောနဲ့ သူတို့လာကြတာ ဖြစ်ပြီး နေ့စဉ်လုပ်အားခတွေလည်း ရရှိကြပါတယ်။

ဒါ့အပြင် အလုပ်သမားတွေဟာ သူတို့အနေနဲ့ ဒေါင်ဒေါင်မြည် ကျန်းမာနေစေဖို့အတွက် ဖြည့်စွက်စာတွေ ကိုလည်း ရရှိပါတယ်။

အလုပ်သမားတွေ ကျန်းကျန်းမာမာ ရှိမှသာ ပိရမစ်ကို ဆက်လက်တည်ဆောက်နိုင်မှာ ဖြစ်ပြီး နည်းပညာ အကူအညီမရှိ သလောက်ရှားပါးတဲ့ အချိန်မှာ အလွန်တရာ ကြီးမားလေးလံလှတဲ့ ကျောက်တုံးတွေကို ရွှေ့နိုင်မှာပါ။

သိပ်တော့ယုံကြည်လောက်စရာမကောင်းတဲ့အကြောင်းပြချက်နောက်တစ်ခုက ဒီပိရမစ်တွေကို လူသားတွေရဲ့ ကာယအားတစ်ခုတည်းနဲ့သာ တည်ဆောက်ခဲ့တယ် ဆိုခြင်းပါပဲ။ ဒါကြောင့်လည်း အဲဒီအချိန်တုန်းက အီဂျစ်လူမျိုးတွေဟာ ဒီကနေ့မြင်တွေ့နေရသလိုမျိုး အလွန်တရာ ညီညာဖြောင့်တန်းလှတဲ့ ပိရမစ်အဆောက်အအုံကို ဆောက်ဖို့ ဘယ်လိုပစ္စည်းတွေကို အသုံးပြုခဲ့တယ် ဆိုတာ သုတေသီတွေက လေ့လာနေဆဲဖြစ်ပါတယ်။

ပိရမစ်အပေါ်တည့်တည့်မှာ ဓူဝံကြယ်နှင့် နေရောင်ခြည်

ပိရမစ်တွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ထပ်တွေ့ရှိချက်တစ်ခုကတော့ အဲဒီပိရမစ်တွေ အားလုံးဟာ မြောက်အရပ်တည့်တည့်ကိုသာ ညွှန်ပြနေတာပါပဲ။ တစ်နည်းဆိုရရင် အဲဒီပိရမစ်တွေ အားလုံးရဲ့အပေါ် တည့်တည့်မှာ ဓူဝံကြယ်ရှိပါတယ်။

ဒါ့အပြင် ပိရမစ်တွေရဲ့ တည်ရှိမှုပုံစံဟာ နက္ခတ်တာရာတွေ တည်ရှိမှုပုံစံနဲ့လည်း ဆင်တူနေတယ်လို့ သုတေသီတွေက တွေ့ရှိထားပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက နက္ခတ်တာရာတွေနဲ့ ပတ်သက်ပြီး ဘာကြောင့်ဒီလောက်အထိ အသေးစိတ်တိကျစွာ သိရှိနေရတယ် ဆိုတာကတော့ ဒီနေ့အထိ မဖြေရှင်းနိုင်သေးတဲ့ပုစ္ဆာ ဖြစ်ပါတယ်။

ပိရမစ်တွေ အားလုံးလိုလိုဟာ  ကမ္ဘာကျော်နိုင်းမြစ်ရဲ့ ကမ်းပါးယံတွေမှာသာ အများဆုံး တည်ရှိကြပါတယ်။ နိုင်းမြစ် ဆိုတာကတော့ အီဂျစ်နိုင်ငံ တစ်နိုင်ငံလုံးကို ဖြတ်သန်းစီးဆင်းသွားတာပါ။

အဲဒီအချိန်တုန်းကဆိုရင် နိုင်းမြစ်ဟာ အီဂျစ်နိုင်ငံရဲ့ အမြန်လမ်းမကြီးအဖြစ် သတ်မှတ်ကြမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီလမ်းကြောင်းက  ကုန်စည်ကူးသန်းပို့ဆောင်ရေးအတွက်  အကောင်းဆုံးသော လမ်းကြီးဖြစ်နေလို့ပါပဲ။ အီဂျစ်လူမျိုးတွေ သတ်မှတ်ထားတာက သူတို့ကိုးကွယ်တဲ့ နေနတ်ဘုရားဟာ နိုင်းမြစ်ထဲမှာ သူ့ရဲ့ကိုယ်ပိုင် သူရိယလှေကြီးနဲ့ သွားလာနေတယ်ဆိုပြီး ဖြစ်ပါတယ်။ ပိရမစ်တွေကို ထုံးကျောက်တွေနဲ့ တည်ဆောက်ထားတာပါ။ အပြင်ဘက်ဆုံး ကိုတော့ အရောင်တဖိတ်ဖိတ် တောက်အောင် ဖန်တီးခဲ့ပါတယ်။

ဒီလိုတောက်ပတဲ့ အပြင်ဘက်အလွှာတွေရဲ့ အလင်းပြန်မှုကြောင့်  ပိရမစ်တွေကို နေရောင်ခြည်ပြင်းစွာ မကျရောက်စေဘဲ အထဲမှာရှိတဲ့ မံမီတွေကို တာရှည်ခံစေပါတယ်။ ဒါ့အပြင် ဖာရိုဘုရင်တွေရဲ့ အလောင်းဟာ ညနေဆည်းဆာအချိန် နေဝင်ရာ အရပ်ဘက်မှာသာ တည်ရှိပြီး မနက်အရုဏ်တက်နေထွက်တဲ့ အရပ်မှာ မတည်ရှိပါဘူး။