သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေး ရောဂါနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန် အတွက် ကြိုတင်ကာကွယ်ရေး အနေဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အရန်သားဖွား ဆရာမများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင်   မြို့မတောင် ရပ်ကွက်ရှိ ကျေးရွာများသို့ သွားရောက်ကာ  သွေးလွန်တုပ်ကွေး ရောဂါကြိုတင် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မောင်နီကျေးရွာနှင့် ငါးခူရကျေးရွာရှိ နေအိမ်များသို့ သွားရောက်ကာ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ပြုလုပ်ပေးခြင်း၊ ခြင်ခိုအောင်း ပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လမ်းသေ အဘိတ်ဆေးခတ်ပေးခြင်းနှင့်ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းတို့ကို အပတ်စဉ်စနေ၊ တနင်္ဂနွေနေ့တိုင်း ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။