ရွှေ့ဆိုင်းခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် အာရှဖလားခြေစစ်ပွဲများ ၂၀၂၁ ခုနှစ် မတ်လအတွင်း ပြန်လည်ကျင်းပနိုင်ဖွယ်ရှိ

COVID-19 ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည့်   ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် အာရှဖလားခြေစစ်ပွဲများကို ၂၀၂၁ ခုနှစ် မတ်လအတွင်း ပြန်လည်ကျင်းပနိုင်ဖွယ်ရှိ ကြောင်း  အိန္ဒိယနိုင်ငံအခြေစိုက် Sport Star Magazine သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်  (FIFA)   နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့သည် ကမ္ဘာ့နိုင်ငံအသီးသီး၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရန် အခက်အခဲရှိသဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် အာရှဖလားခြေစစ်ပွဲများကို ၂၀၂၁ ခုနှစ်သို့  ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သြဂုတ် ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။

AFC သည်   ရွှေ့ဆိုင်းခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် အာရှဖလားခြေစစ်ပွဲများကို လာမည့်နှစ် နိုင်ငံတကာပြိုင်ပွဲများနှင့် ညှိနှိုင်း၍ ပြန်လည်ကျင်းပမည်ဖြစ်သည့်အတွက် FIFA ၏ ၂၀၂၁ နိုင်ငံတကာပြိုင်ပွဲ ရက်သတ္တပတ်ဖြစ်သည့် ၂၀၂၁ ခုနှစ် မတ်လအတွင်း ယင်းခြေစစ်ပွဲများကို ပြန်လည်ကျင်းပဖွယ်ရှိကြောင်း Sport Star Magazine က ဖော်ပြထားသည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု (စ) ၌ ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယား အသင်းတို့နှင့် ကျရောက်နေသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ခြေစစ်ပွဲအုပ်စု ငါးပွဲကစားပြီးချိန်တွင်  နှစ်ပွဲနိုင်၊  သုံးပွဲရှုံး ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုတွင်း စတုတ္ထနေရာ၌ ရပ်တည်နေသည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ယခုနှစ်  အောက်တိုဘာလနှင့်  နိုဝင်ဘာလတို့တွင်  ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲ တတိယအဆင့် အုပ်စုလက်ကျန် ပွဲစဉ်သုံးပွဲ  ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း FIFA ၏ ထုတ်ပြန်ချက်အရ  ပွဲစဉ်များ ရွှေ့ဆိုင်းခဲ့သည့်အတွက် လာမည့်နှစ်မှသာ နိုင်ငံတကာပွဲစဉ်များ   ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ကိုရဲ