မြစ်တို့၏သဘော

ယမန်နေ့မှအဆက်

''ပြီးတော့လည်းဖေဖေ၊ သမီးလေ အရင်တုန်းကလို မတုန်လှုပ်တော့ဘူး။ ဟိုတုန်းကတော့ တစ်ယောက်က ဒါတဲ့ဆိုရင် သမီးစိတ်လှုပ်ရှားတယ်။ နောက်တစ်ယောက်က ဟိုဟာလို့ဆိုပြန်ရင် စိတ်ထိခိုက်တယ်။ တစ်ခါ တခြားတစ်ယောက်က ဒီဟာလို့ဆိုရင် ဖေဖေကြောင့်၊ မေမေကြောင့် အဲလိုအပြစ်ပုံချင်တယ်။ အခုဒီလိုမဟုတ်တော့ဘူး ဖေဖေ၊ ဘယ်သူကဘာပြောပြော စိတ်မလှုပ်ရှားရအောင် ကြိုးစားပြီး ဘယ်သူ့ကိုမှလည်း အပြစ်မဖို့တော့ပါဘူး ဖေဖေ။ အတင်းပြောရအောင် လာတဲ့လူကို သမီးပိတ်ပြော ပစ်လိုက်တယ်။ အဲဒီလိုပြောရမလား ဆိုပြီး သူတို့ အတင်းပြောချင်လည်း ပြောပေစေတော့။သမီးဂရုမထားတော့ဘူး''

''ဒါမှန်တယ်။ ဒါအမှန်ဆုံးပဲ သမီးရဲ့။ ဟိုမြည်း တစ်ကောင်နဲ့ သားအဖနှစ်ယောက် ပုံပြင်လိုပေါ့သမီးရယ်။ ပိုက်ဆံအသုံးလိုလို့ မြည်းကလေး ရောင်းရအောင် သွားတာကိုပဲ တောင်ပြောမြောက်ပြောနဲ့ စီး စီးပြန်ပြီ။ ဆွဲသွား ဆွဲသားပြန်ပြီ။ နောက်ဆုံးမြည်းလည်း သေ ပိုက်ဆံလည်း မရတော့။ သူများပြောတာ အရေးလုပ်နေမယ့် အစား။ ကိုယ့်ကိုယ်ကိုယ် အရေးလုပ်ရမယ်။ ဒါသိပ်မှန်တယ်''

ကိုသန်းနိုင်မှာ   သမီးအတွက် တစ်ကြိမ်ထပ်၍ ဝမ်းသာကြည်နူးရသည်။

''ပြီးတော့ ဖေဖေစိတ်မချမ်းသာမယ့် ကိစ္စဆိုရင် ဘာမှမလုပ်ဘူးလို့လည်း သမီးစိတ်ပိုင်းဖြတ်ထားတယ် ဖေဖေ''

''ဖေဖေလည်း သမီးတို့ စိတ်အနှောင့်အယှက်ဖြစ်မှာ မှန်သမျှကို ကြိုးစားရှောင်ကြဉ်နေတော့ ဖေဖေတို့ အိမ်ကလေးဟာ သာယာပြီ သမီး။ ဖေဖေသိပ်ဝမ်းသာတာပဲ''

''ကျော်ကျော်လည်း ဝမ်းသာပါတယ်''

ကျော်ကျော်က ဝင်ပြော၏။

''မင်းကတော့ ဝမ်းသာမှာပေါ့ ခွေးကောင်ရဲ့။ မင်းကတော့ ကျောင်းပြေးပြီး ဟိုတယ်ကိုတောင် လိုက်လာတဲ့ကောင်၊ အာဂကောင်၊ လူလည်''

ဖအေခင်သော သားအား ခေါင်းပုတ်ပါးလိမ်လုပ်ပြီး ''အခုကော ကျောင်းပြေးသေးလား''ဟုမေးသည်။

''စာမေးပွဲကျရင် ဒယ်ဒီစိတ်ဆိုးမှာစိုးလို့ မပြေးရဲပါဘူး ဒယ်ဒီရယ်''

''အေး ကောင်းတယ်''

''အဲဒီတုန်းကလည်း ကျောင်းမပြေးချင်ပါဘူး ဒယ်ဒီရယ်။ ကျောင်းဆင်းမှလိုက်ရှာရင် အချိန်မရှိတော့လို့''

''အဲဒီတုန်းက ဖေဖေရိုက်တာ နာသလားဟင်၊ လူလေး''

''မနာပါဘူး၊ ဒယ်ဒီက အသာလေးရိုက်တဲ့ဥစ္စာပဲ''

''ဖေဖေ့မှာဖြင့်ကွာ၊ ငါ့သားကလေးကို မရိုက်စဖူး ရိုက်မိတယ်။ ဖအေကိုချစ်ရှာလွန်းလို့ လိုက်ရှာတာကို ငါရိုက်မိတာ မှားတာပဲနဲ့ သားရယ်။ တစ်ညလုံးအိပ်မပျော်ဘူး။ စိတ်လည်းမကောင်းဘူးကွာ။ မျက်ရည်တောင်ကျမိသေးတယ်''

''ဟာ ဒယ်ဒီကလည်း''

သူ့အဖေငိုသည်ဆိုသဖြင့် ကျော်ကျော်မှာ သူပါငိုချင်လာပြီး ကိုသန်းနိုင်၏ ဗိုက်ကိုမျက်နှာလာကပ်၏။

''ပေါပြီ ဒီကောင်ကြီးဟာ''

ကိုသန်းနိုင်က ကျော်ကျော်အား ဆွဲခွာသည်။

''ဟေ့ကောင်ကြီး။ ဒါလေးပြောတာနဲ့ပဲ ငိုရသလားဟင်''

ကျော်ကျော်က မျက်နှာဝှက်ထား၏။ ပန်းက ကလိထိုးသည်။

''ဟေ့ကောင်ကြီး မော့စမ်း''

''မမော့ချင်ပါဘူး''

''မင်းအသက် ၁၃ နှစ်ပြည့်တော့မယ်ကွ။ လူပျိုဖြစ်ဖို့ နည်းနည်းပဲ လိုတော့တယ်။ ဒါတောင်ပေါတုန်းလား။ ဟေကွ''

''ဒယ်ဒီက ဘာဖြစ်လို့ အစဖော်ပေးသလဲ''

''ကဲကွာ၊ နောက်ကိုမပြောဘူး ဟုတ်လား။ မင်းလည်း မပေါနဲ့''

''ကဲ အချုပ်ထဲကပြန်လာတဲ့ ဆရာကြီး''

သမီးနှင့်အဖေ စကားကောင်းနေစဉ် မီးဖိုထဲဝင်သွားသော မခင်ရီက ပြန်ထွက်လာသည်။

''ဒေါ်ကြည်ညွန့်ကြိုးစားပြီး ချက်ထားလိုက်တာ။ဟင်းအမည်ပေါင်း ၂ဝ ကျော်သေးတယ်။ စားရအောင်''

''သမီးနဲ့သားတို့စားချေကြကွယ်။ ဖေဖေမင်းတို့ မေမေနဲ့ စကားပြောစရာရှိတယ်''

''ဒယ်ဒီ မြန်မြန်လာနော်''

အစားဆိုတော့လည်း ကျော်ကျော်ရပ်မနေနိုင်။

ပန်းနှင့်လိုက်သွားရင်းနောက်ပြန်သတိပေး၏။

''အေးပါကွာ''

''ကဲဆိုစမ်း၊ ဘာပြောချင်သလဲ။ မိမိကြီးအတွက် ဆွမ်းသွတ်ချင်လို့လား။ မောင့်သဘော၊ ကိုသန်းသဘော''

မခင်ရီက အနားကပ်ထိုင်ကာ ချက်ချင်းစသည်။

ကိုသန်းနိုင်မှာ မချိပြုံးပြုံးရ၏။

''ဒီအကြောင်းမေ့လိုက်ပါတော့ကွာ။ အခုကိုသန်း မေးချင်တာက အရီ့သဘော ဘယ်လိုလဲလို့ မေးချင်တာပါ''

''ဘာကိုလဲ၊ ကို့သမီးနဲ့ ဟိုသူငယ်ကိစ္စလား''

''မင်းလည်း သမက်လိုချင်မှန်း လူသိအောင်။ ဒါမဟုတ်ပါဘူး''

''ဒါဖြင့် ဘာလဲ''

''မင်းသမီးကတော့ ဘယ်သူပြောပြော မတုန်လှုပ်တော့ဘူးတဲ့။ ဟိုဟာဖြင့်ဖေဖေကြောင့်၊ ဒီဟာဖြင့်ဖေဖေ့ကြောင့်ဆိုတဲ့  စိတ်ဝမ်းကွဲမှုမျိုး မမွေးတော့ပါဘူးတဲ့။  ဖေဖေစိတ်ချမ်းသာအောင် နေထိုင်လုပ်ကိုင်ပါတော့မယ်တဲ့။ အဲဒီလိုပြောသွားတယ်။ မင်းကရောဘယ်လိုလဲ''

''အရီက ဘာပြောစရာရှိသေးလဲ ကိုသန်းရယ်။ခဏငြိမ်ငြိမ်နေစမ်း''

စကားတစ်ပိုင်းတစ်စဖြင့် ဆံပင်ဖြူတစ်ပင်ကို ဆွဲနုတ်ပြီးမှ ဆက်ပြော၏။

''အရီဒီကိုပြောင်းလာတာကိုက ဘယ်သူဘာပြောပြော အရေးမလုပ်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပြောင်းလာတာပဲ''

''ဒါဖြင့် ကိုသန်း သွားရဦးမလား''

''ဒီစကားကတော့ တင်စီးတာပဲ။ ဒီမှာ ကလေးရှိနေပါတယ် ဆိုတာကို ကိုသန်း မေ့သွားပြီလား''

''ဟာ ဟုတ်သားပဲ။ နေစမ်းပါဦး ဘယ်နှလရှိပြီလဲ''

''နှစ်လ''

''မပေါ်သေးပါလား။ စမ်းကြည့်ရအောင်''

''မလုပ်စမ်းပါနဲ့။ ကျော်ကျော် ထွက်လာပါဦးမယ် ကဲ ထ''

ယခုထက်တိုင် ကမြင်းချင်သေးသော လက်ကြီးကို ပုတ်ချပြီး မခင်ရီက ရှေ့မှ ထမင်းစားခန်းသို့ ဝင်လာသည်။

ကလေးများက မစားသေးဘဲ   စောင့်နေကြ၏။

ပန်းသည်ဖခင်အား ထမင်းထည့်ပေးကာ ဖခင် မိခင် နှိုက်ပြီးသော ဟင်းခွက်ကိုသာ နှိုက်လေ၏။

ယင်းသို့လျှင်  ခြောက်သွေ့ခဲ့သော အိမ်ကလေးမှာ သာယာပျော်ရွှင်မှုကို စတင်လေသည်။

ခြံထဲတွင် ပန်းများပွင့်၍ ပန်းလိပ်ပြာတို့မြူးပျံကြတော့မည်။ ငှက်တေးတို့သည်လည်း သံချိုနှောကြပေတော့မည်။   ။                          

   ပြီးပါပြီ။