မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ အကြိုခြေစမ်းပွဲတွင် ဟံသာဝတီယူနိုက်တက် အသင်းက ချင်းလန်းအသင်းကို ဂိုးပြတ်အနိုင်ရရှိ

မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ လက်ကျန်ပွဲစဉ်များ မတိုင်မီ  ပွဲကြိုခြေစမ်း ပွဲတွင် ဟံသာဝတီယူနိုက်တက် အသင်းက ချင်းလန်းအသင်းကို ၅ ဂိုး-၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိကြောင်း သိရသည်။

အဆိုပါ ခြေစမ်းပွဲကို သြဂုတ် ၁၆ ရက် က ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပခဲ့ပြီး ဟံသာဝတီယူနိုက်တက် အသင်းတွင် အီမီကာ၊  မွန်ကာလူးနှင့်  ဟိန်းထက်အောင် စသည့် ကစားသမား အစုံအလင်ပါဝင်ပြီး ချင်းလန်းအသင်းတွင်လည်း   ဂျော်ဂျီနှင့် ဘာဘာတန်ဒီ စသည့် ပြည်ပကစားသမား များ ပါဝင်ခဲ့သည်။

ယင်းပွဲတွင် ဟံသာဝတီယူနိုက်တက် အသင်းက  ချင်းလန်းအသင်းကို  ခြေစွမ်းပြ၍ ဖိအားပေး ကစားနိုင်ခဲ့ပြီး ၅ ဂိုး-၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဟံသာဝတီယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူးအောင်မျိုးသူရက နှစ်ဂိုး၊ အီမီကာ၊ ရန်နိုင်အောင်နှင့် လာဒင်မောရာတို့က တစ်ဂိုးစီသွင်းယူခဲ့ပြီး ချင်းလန်းအသင်းအတွက်  ချေပဂိုးများကို ရွှေဝင်းထွန်းနှင့်   သောင်လျန်သန်း တို့က တစ်ဂိုးစီ သွင်းယူခဲ့သည်။

COVID-19 ရောဂါအခြေအနေကြောင့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကို မတ်လစတုတ္ထပတ်မှစ၍ လေးလကျော်ရပ်နားခဲ့ပြီး လက်ရှိတွင် ကျန်းမာရေးလမ်းညွှန်ချက် များနှင့်အညီ ပြန်လည်ကျင်းပခြင်း ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် လက်ကျန်ပွဲစဉ် များကို သြဂုတ် ၂၂ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၊ ပဒုမ္မာအားကစားကွင်းနှင့် ရန်ကုန်မြက်ခင်းတုကွင်းတို့၌ ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပမည် ဖြစ်သည်။

၂၀၂၀ ရာသီ မြန်မာနေရှင်နယ်လိဂ်(၁)ပြိုင်ပွဲ ပထမအကျော့ပြီးဆုံးခါနီးတွင် COVID-19 ရောဂါအခြေအနေကြောင့် ရပ်နားခဲ့ရပြီး ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ နုတ်ထွက်ခဲ့သဖြင့် လက်ကျန်ပွဲစဉ်များကို ကျန် ၁၀ သင်းဖြင့်သာ ကျင်းပမည် ဖြစ်သည်။

ကိုရဲ