တောင်ငူမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း သွေးလှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၁၇

COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် ကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၌ သွေးလိုအပ်မှုမ ရှိစေရေးအတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက  ယနေ့နံနက်ပိုင်း တွင် အဆိုပါဆေးရုံသို့ သွားရောက် လှူဒါန်းကြသည်။

  ထိုသို့ လှူဒါန်းရာတွင် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၄၅ ဦးတို့က သတ်မှတ်နေရာ အသီးသီးတွင် စုပေါင်း သွေးလှူဒါန်းကြသည်။ထိုသို့ သွေးလှူဒါန်းပေးမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက  ကြည့်ရှုအားပေးပြီး သွေးလှူရှင်များ အတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

တိုင်းစစ်ဌာနချုပ် အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ပြည်သူ့ဆေးရုံများ တွင် သွေးလိုအပ်မှုမရှိစေရေး သွေးလှူဒါန်းပေးခဲ့ရာ ယခုကာလအတွင်း တောင်ငူမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ၃ ကြိမ်၊ တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမတွင် ၁ ကြိမ်၊ တောင်ငူမြို့ တပ်မတော်ဆေးရုံတွင် ၁ ကြိမ်နှင့် ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ၇ ကြိမ်၊ စုစုပေါင်း ၁၂ ကြိမ် လှူဒါန်းပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။