COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ဆက်လက် လက်ခံ

နေပြည်တော်၊ သြဂုတ် - ၁၇

Coronavirus Disease 2019 (COVID-19)   ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းတို့၌ လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၆ ဦးတို့ ထပ်မံရောက်ရှိ လာကြောင်း သိရသည်။

စောင့်ကြပ်ကြည့်ရှုထားသူများ အနက်မှ ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းမှ အမျိုးသား ၁ ဦးသည် အသည်းရောင် အသားဝါရောဂါဖြင့် စံကားမြို့တိုက်နယ် ဆေးရုံသို့ လွှဲပြောင်းဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သိရှိရသည်။

 ထိုသို့လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၃၀၀ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၁၉၁ ဦးနှင့် ရွှေညောင်မြို့ရှိ တည်ခိုးရေးစခန်း၌ ၃၀ ဦးတို့ကို အသီးသီး လက်ခံထားရှိပြီး စောင့်ကြည့်သူများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်းနှင့် အဆိုပါ သီးသန့်စောင့်ကြည့်ရမည့် သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 ယနေ့တွင် လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ သီးသန့်စောင့်ကြည့် ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။