ဘဝဆိုသည်မှာ
လူတိုင်း၏ ဘဝကို သုံးပိုင်းခွဲကြည့်လျှင် ငယ်ရွယ်စဉ် ပညာသင်ချိန်ကို ပထမအရွယ်ဟူ၍ လည်းကောင်း၊ လူကြီးအဖြစ် အလုပ်လုပ်ဥစ္စာရှာသည့် ကာလကို ဒုတိယအရွယ်ဟူ၍ လည်းကောင်း၊ အိုမင်းမစွမ်းသည့် ဇရာအရွယ် တရားဘာဝနာပွားများသည့် ကာလကို တတိယအရွယ်ဟူ၍ လည်းကောင်း သတ်မှတ်ထားကြသည်။
တတိယအရွယ်သို့ရောက်မှ ပထမအရွယ် ငယ်ကာလကို ပြန်လည်၍ ကြည့်မြင်သော် ရုပ်ရှင်ဇာတ်ကားနယ် ပုံရိပ်များကို ထင်ရှားစွာတွေ့မြင်ရ၏။ လူတစ်ယောက်၏ ဘဝဆိုသည်မှာ ထောက်ရှာငှက်ပျံသလို နိမ့်တုံမြင့်တုံ အဖြစ်များကို လည်းကောင်း၊ အကောင်းအဆိုး လောကဓံများကို လည်းကောင်း၊ အောင်မြင်မှုများ၊ ဆုံးရှုံးမှုများ၊ အခက်အခဲများ၊ အဆင်ပြေချောမွေ့မှုများ၊ ပျော်စရာ၊ ကြည်နူးစရာများ၊ ဝမ်းနည်းစရာ၊ ကြေကွဲစရာများကို ထင်ရှားစွာ တွေ့မြင်ရပါသည်။ ဤသို့ဖြစ်နေခြင်းသည်ပင် ဘဝဆန်သော ဘဝအမှန်ဖြစ်ပါသည်။
မည်သူမျှ အကောင်းချည်း၊ အဆိုးချည်းမရှိနိုင်။
အတက်ချည်း၊ အကျချည်းမဖြစ်နိုင်။ အောင်မြင်မှုချည်း ဖြစ်နေလျှင်လည်း အောင်မြင်မှုဆိုသည်မှာ ဘာမျှ တန်ဖိုးရှိတော့မည် မဟုတ်ပါ။
ဘဝဆိုသည်မှာ ဘဝဆန်နေမည်သာဖြစ်ပါ၏။
လောကဓံတရားတို့၏ အကောင်းအဆိုးများကို ကြုံတွေ့ခံစားကြရမည်သာဖြစ်ပါ၏။
အသင့်အတင့်နှစ်လုံးသွင်း၍ ကိုယ်စွမ်းဆောင်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြည့်ရန်သာရှိပါသည်။
အရုဏ်ဦး၏ အမှုံအလင်း
မင်္ဂလာဆောင်
အရှေ့ဘက်ကောင်းကင်မှာ အရုဏ်ဦး၏ အလင်းနုလေး ထွက်ပေါ်လာနေပြီး မင်္ဂလာဆောင်အတွက် အစောကြီးထပြီး ပြင်ကြ၊ ဆင်ကြအားလုံး ပျော်နေသည်။
မိဘချင်းလည်း သဘောတူ လူငယ်ချင်းလည်း ချစ်ကြည်ဖြူ ဂုဏ်သရေချင်းလည်း တူညီကြသည်။
လူတိုင်းအားကျ၍ နှစ်ဖက်ဆွေမျိုးများ ဝမ်းသာအားရ ဖြစ်နေကြသော မင်္ဂလာဆောင်
''ဟဲ့... ရွှေမြ...ဘယ်မလဲ ငါ့အတွက်စံပယ်ကုံး...''
ဒေါ်သိုင်းခြုံ၏အသံ တိုက်ထဲမှာ စည်စည်ညံနေ၏။
''ဒီမယ်...အစ်မရေ...ယူလာပြီ...''
''ဟဲ့...မောင်စိန်...ဖိုးစိန်...ချစ်စိန်...ငါ့သား ထပြီလားဟဲ့''
ဒေါ်သိုင်းခြုံက ထုံးစံအတိုင်း နာမည်တစ်ခုခေါ်လျှင် နှစ်မျိုးသုံးမျိုး ထပ်လိုက်ရမှ။
''နိုးပြီ...အမေ...ပုဆိုးလဲနေပြီ...''
သားဖြစ်သူ သတို့သား၏ အခန်းဆီမှ ထွက်လာသောအသံကြောင့် ဒေါ်သိုင်းခြုံ ပြုံးလိုက်သည်။
သွက်လက်တက်ကြွသော သားအသံကို သဘောကျ၍ ဖြစ်သည်။
မနက်လင်းသည်နှင့် ထန်းတောရွာမှ မင်္ဂလာဆောင် သွားမည့်သူများ တက်ကြွနိုးကြားနေကြပြီး လှည်းများ အသင့်ပြင်ကြသည်။ အားလုံးပြီးကြသောအခါ မင်္ဂလာဆောင် ကျင်းပမည့် ဝန်းသိုရွာသို့ လှည်းတန်းကြီးဖြင့် သွားကြသည်။
သတို့သားပါသည့် လှည်းပေါ်မှာ အော်လံတက်ထားသော ဓာတ်စက် ဖွင့်လာကြသည်။
''...မြတ်နိုးသူရယ်...။ချစ်မိုးစွေခဲ့တယ်...။
ဘုံကြိုးပြတ်တဲ့ ဒေဝီနတ်မျိုးနွယ်...''
လှည်းဆောင့်လိုက်တိုင်း ဓာတ်စက်သံမှာ ပြတ်သွားလိုက်၊ အပ်ကြောင်းထပ်လိုက် ဖြစ်နေ၍ ရယ်သံများ ထွက်ပေါ်နေကြ၏။ အားလုံးမြူးမြူးကြွကြွဖြစ်နေကြသည်။
ထန်းတောရွာနှင့် ဝန်းသိုရွာမှာ နှစ်မိုင်ခန့်သာဝေးသော ရွာနီးချင်းဖြစ်သည်။ ဒီဘက်ရွာမှ ထွက်သည်နှင့် ဟိုဘက်ရွာမှ အုန်းပင်မြင့်မြင့်များ သစ်ပင်ကြီးများကို လှမ်းမြင်နေရပြီး ကွင်းတစ်ခုကျော်သည်နှင့် ရွာတံခါးကို နီးသွားပြီ။
ရွာထဲသို့ ဝင်မိသည်နှင့် ဝန်းသိုရွာမှလူများက သတို့သားနှင့်တကွ လိုက်ပါလာကြသော လှည်းတန်းကြီးကို ထွက်ကြည့်ကြသည်။
သတို့သမီးအိမ်ရှေ့မှာ ရွှေရောင်တဝင်းဝင်းနှင့် မင်္ဂလာမဏ္ဍပ်ကြီး တောက်ပတင့်တယ်နေသည်။
''လာကုန်ပြီဟေ့...လာနေကြပြီ...''
သတို့သားနှင့် အဖွဲ့ကို ကြိုဆိုကြသည်။
မဏ္ဍပ်အတွင်းမှာ ရွာနှစ်ရွာမှ ဧည့်ပရိသတ်များနှင့် စည်ကားသွား၏။ နောက်ထပ် ပရိသတ်များကလည်း ဝင်လာမစဲ။ မဏ္ဍပ်ထဲမှာ ထန်းတောနှင့် ဝန်းသိုနှစ်ရွာမှသာမက ရွာနီးချင်းများဖြစ်သော အရေးမဆိုရွာ၊ ဆည်ကတော်ရွာ၊ ဝန်ပတေ့ရွာ လက်ပံချိုင့်ရွာမှ
ဧည့်သည်များနှင့် ပြည့်နေသည်။
ရွာထုံးစံအတိုင်း ရွာခံအပျိုများက မဏ္ဍပ်မှာ ဝင်လာသူတိုင်းကို မင်္ဂလာအောင်သပြေ ကမ်းကြသည်။ မဏ္ဍပ်ထဲမှာ ကွမ်းဆေး၊ လက်ဖက်ဖြင့် ဧည့်ခံကြသည်။
ရွာခံကာလသားများက လက်ဖက်ရည်ပွဲချသည်။ ထမင်းကျွေးမွေးသည်။ ရွာဓလေ့မျက်နှာကြီး မင်္ဂလာဆောင်များ ထုံးစံအတိုင်း ဝက်သားကျွေး ပျော်ပျော်ပါးပါး အားပါးတရစားကြသည်။
လူ့လောကတွင်း အိမ်ထောင်အသစ်ဖြစ်လာမည့် အကြင်လင်မယားအတွက် မင်္ဂလာ လက်ဖွဲ့ပစ္စည်းများ ပေးကြသည်။ ရွှေပါသည်၊ လယ်ပါသည်၊ နွားပါသည်။
အများစုမှာ ငွေကြေး လက်ဖွဲ့ကြသည်။
၁ဝ နာရီခွဲ ၁၁ နာရီလောက်မှ မင်္ဂလာဧည့်စဲသည်။
သတို့သားနှင့် သတို့သမီးနှစ်ဖက်မိဘများကို ကန်တော့ကြသည်။ သတို့သားဘက်မှ ဖခင်မရှိ၊ မိခင်ကြီး ဒေါ်သိုင်းခြုံ ဦးကြီး ဘကြီးများ ကန်တော့ခဲ့သည်။
သတို့သမီးဘက်မှာ ဝန်းသိုရွာမှ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးဘိုးသာ ဆရာကတော်ကြီး ဒေါ်သောင်းနှင့် နှစ်ဖက်မှ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေးများ ကန်တော့ခံကြသည်။
သတို့သားမှာ ထန်းတောရွာတွင် အချမ်းသာဆုံး ဖြစ်သော လယ်ပိုင်ရှင် ဒေါ်သိုင်းခြုံ၏ တစ်ဦးတည်းသောသား၊ ဥစ္စာပေါသည် လူပုံချောသည်။
သတို့သမီးမှာ ဝန်းသိုရွာမှ မူလတန်းကျောင်းအုပ် ဆရာကြီး၏သမီး မစောရှင်ဖြစ်သည်။ ကျေးလက်တောရွာမှ ထူးခြားစွာ ပညာတတ် မိန်းကလေးဖြစ်သည်။
မြင်းခြံမြို့၊ မန္တလေးမြို့မှာ ပညာသင်ကြားခဲ့၍ ကိုးတန်းဟိုက်ယားဂရိတ် အောင်ထားသူဖြစ်သည်။
သတို့သားလောင်း မောင်ချစ်စိန်သည် ဆရာကြီး ဦးဘိုးသာ၏ မူလတန်းကျောင်းမှ လာရောက် သင်ကြားရင်း မစောရှင်ကျောင်းပိတ်၍ မိဘရှိရာ ရွာပြန်လာသောအခါ တွေ့မြင်ခဲ့ သိကျွမ်းခဲ့သည်။
အရွယ်ရောက်ကြသောအခါ ထန်းတောရွာမှ မြေပိုင်ရှင်၏သားက ဝန်းသိုရွာမှ ကျောင်းဆရာကြီး၏ သမီး ပညာတတ် မိန်းကလေးကို သဘောကျပြီး နှစ်ဦးနှစ်ဖက် သဘောတူချစ်ကြည်ဖြူစွာ လက်ထပ်ကြခြင်း ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။