ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း အကောင်းဆုံး ပုံစံရလာသည့် မန်ယူကိုနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆီဗီလာနည်းပြဆို

မန်ယူအသင်းကို ပွဲစပြီးကိုးမိနစ်တွင် ပယ်နယ်တီဂိုးပေးလိုက်ရပြီးမှ  ဆူဆိုနှင့်  လုခ်ဒီဂျောင်တို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိကာ ယူရိုပါလိဂ် ဗိုလ်လုပွဲသို့ တက်လှမ်းသွားခဲ့သည့် ဆီဗီလာအသင်း နည်းပြလိုပီတက်ဂီက ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း မန်ယူအသင်းသည် လက်ရှိတွင် အကောင်းဆုံးပုံစံရလာသော အသင်းဖြစ်သည့်ကြားမှ အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့၍   ကစားသမားများကို   ချီးကျူးစကားပြောသည်။

ဆီဗီလာအသင်းသည်  နောက်ဆုံး  ၁၅  ရာသီအတွင်း ခြောက်ကြိမ်မြောက် ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ရာ လိုပီတက်ဂီက “အခု ရင်ဆိုင်ခဲ့ရတဲ့  မန်ယူအသင်းက  ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း   အကောင်းဆုံးသောအသင်း ဖြစ်ပါတယ်။  အင်္ဂလန်မှာ   ခြေစွမ်းကောင်းရနေခဲ့တဲ့ အသင်းပါ။ ဒါကြောင့် ကျွန်တော်တို့ ခက်ခဲစွာကစားခဲ့ရတာ  ပုံမှန်ဖြစ်စဉ်ပါပဲ။  အသင်းလိုက်အစွမ်းနဲ့  သူတို့ကို နိုင်ခဲ့တာလည်း ဖြစ်တယ်။  ဆီမီးဖိုင်နယ်လို အဆင့်မှာ  မန်ယူလိုအသင်းကို   အနိုင်ရဖို့ဆိုရင် စည်းလုံးမှုရှိမှရမယ်။ ကျွန်တော်တို့  ဒါကို  လုပ်နိုင်ခဲ့ကြတယ်။ အသင်းအတွက် ဂုဏ်ယူပါတယ်”ဟု ပြောသည်။

ဆီဗီလာအသင်းသည်  သြဂုတ် ၂၁ ရက်တွင်  အင်တာမီလန်နှင့်   ရှက်တာဒိုးနက်စ်တို့ပွဲမှ အနိုင်ရသည့်အသင်းနှင့် ဗိုလ်လုပွဲကစားရမည် ဖြစ်သည်။

Ref:Mirror