ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တွင် ဆီဗီလာကို ရှုံးပြီးနောက် မန်ယူအသင်း ၃၁ နှစ်အတွင်း ဖလားမိုးအခေါင်ဆုံး စံချိန်ဆိုးတင်

မန်ယူအသင်းသည် သြဂုတ် ၁၆ ရက်ညက ဂျာမနီနိုင်ငံ ကိုလုံးမြို့၌ ဆီဗီလာနှင့် ကစားသည့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပယ်နယ်တီမှ ဦးဆောင်ဂိုး စတင်ရရှိသော်လည်း ချေပဂိုးပေးလိုက်ရသည့်အပြင်  ပွဲချိန် ၇၈ မိနစ်တွင် လုခ်ဒီဂျောင်က ဆီဗီလာအတွက်  အနိုင်ဂိုးသွင်းခဲ့သောကြောင့် ဆီမီးဖိုင်နယ်အဆင့်မှ လှည့်ပြန်ခဲ့ရသည်။

မန်ယူအသင်းသည် ယခုဘောလုံးရာသီတွင် ဖလားပွဲများ၌ ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရသည်မှာ သုံးကြိမ်ရှိခဲ့ပြီဖြစ်ပြီး မန်စီးတီးနှင့်ချယ်လ်ဆီးတို့ကိုလည်း   လိဂ်ဖလားနှင့်  အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲများတွင်   ရှုံးနိမ့်ခဲ့သည့်အတွက် ဖလားလက်မဲ့ရာသီဖြစ်ခဲ့ရသည်။ မန်ယူအသင်း နောက်ဆုံးရခဲ့သည့်ဖလားသည်   ၂၀၁၇  ခုနှစ် မော်ရင်ဟိုလက်ထက်တွင် ယူရိုပါလိဂ်ဖလားရခဲ့ခြင်း ဖြစ်ပြီး ထိုနောက်ပိုင်း သုံးနှစ်အတွင်း မည်သည့် ဖလားမျှမရရှိနိုင်သဖြင့် ၃၁ နှစ်အတွင်း  ဖလား

မိုးအခေါင်ဆုံးစံချိန်ဆိုးကိုလည်း ရရှိခဲ့သည်။

ထိုပွဲအပြီး  မန်ယူအသင်းနည်းပြ  ဆိုးလ်ရှားက မိမိအသင်း ယခုကဲ့သို့ ဖလားပွဲများတွင်  အောင်နိုင်ရေးနှင့်   ပရီးမီးယား လိဂ်တွင်  အမှတ်ပေးဇယား အဆင့်တက်ရန် အတွေ့အကြုံကောင်းများရှိသော ကစားသမားကောင်းများ ထပ်ခေါ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ မန်ယူအသင်းသည် ယခုနွေရာသီဈေးကွက်တွင် ဒေါ့မွန်မှ   အင်္ဂလန် လက်ရွေးစင်  လူငယ်ကစားသမားဆန်ချိုကို ခေါ်ယူရန် အဓိကထားကြိုးစား နေသော်လည်း  ငယ်ရွယ်သည့် ကစားသမားများဖြင့်  ဖွဲ့စည်းထားသောအသင်းအတွက် အတွေ့အကြုံရင့် ကစားသမားသစ်များ  လိုအပ်နေသေးသည်ဟု ဆိုးလ်ရှားကပြောသည်။

“ဖေဖော်ဝါရီလနောက်ပိုင်း   ကျွန်တော်တို့ လိုချင်တဲ့ပုံစံကောင်းရလာတယ်။ ဒါပေမဲ့ အခုအဆုံးသတ်မှာ   အားလုံး အရမ်းပင်ပန်းခဲ့ကြရတယ်။  နားဖို့လိုအပ်ပါပြီ။ ဒီနွေရာသီဈေးကွက်က ခါတိုင်းလိုမဟုတ်ဘဲ ထူးခြားတယ်။  ဈေးကွက်ဖွင့်ချိန်ကလည်း အကြာကြီးပဲ။ ကစားသမားသစ်ရှာနေတယ်။  ဘယ်တော့ခေါ်နိုင်မလဲတော့ မသိ သေးဘူး။ အမှတ်ပေးဇယားမှာ အဆင့်တက်ဖို့နဲ့ အခုလို  ဖလားပွဲတွေမှာအောင်ပွဲခံနိုင်ဖို့  အတွေ့အကြုံရှိတဲ့ ကစားသမားတွေ လိုပါတယ်”ဟု  ပြောသည်။                         

Ref:Dailymail