ဘိုင်ယန်အသင်းနှင့် ဈေးညှိနေဆဲမှာပင် အယ်လ်ကန်တာရာ လီဗာပူးသို့ ပြောင်းရွှေ့ရန် သဘောတူထား

စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား သီယာဂိုအယ်လ်ကန်တာရာသည် လီဗာပူးအသင်းသို့ လေးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန် သဘောတူထားပြီး လီဗာပူးမြို့၌  မိသားစုနေထိုင်ရန် နေအိမ်ပင်ရှာထား ပြီးဖြစ်ကြောင်း  RMC Sport သတင်းဌာနမှ ဖော်ပြခဲ့သည်။ အယ်လ်ကန်တာရာသည် ဘိုင်ယန်အသင်းကစားဖော်များကို လီဗာပူးသို့ ပြောင်းရွှေ့တော့မည်ဟု နှုတ်ဆက်ပြောဆိုခဲ့ပြီး ဖြစ်သော်လည်း အသင်းနှစ်သင်းကြား  ပြောင်းရွှေ့ကြေးကိစ္စမှာ  ညှိနှိုင်းနေဆဲ ဖြစ်ကာ သဘောတူညီမှု မရသေးပေ။

လီဗာပူးနည်းပြ ဂျာဂန်ကလော့က အယ်လ်ကန်တာရာသည် လီဗာပူးအသင်း ကွင်းလယ်အတွက် လိုအပ်သော ကစားသမား ဖြစ်သည်ဟု ပြောထားပြီး ခေါ်ယူရန် ကမ်းလှမ်းခဲ့ရာတွင် ဘိုင်ယန်ဘက်မှ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းမှ သန်း ၃၀ ကြားအထိ တောင်းဆိုနေသည်။ အသက် ၂၉ နှစ်ရှိပြီ ဖြစ်သော အယ်လ်ကန်တာရာသည် ဘိုင်ယန်နှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သောကြောင့် လာမည့် ဇန်နဝါရီလတွင် ပြောင်းချင်သည့် အသင်းနှင့် စကားပြောခွင့်ရှိနေရာ လီဗာပူးဘက်မှ ဘိုင်ယန်၏ တောင်းဆိုမှုကို ညှိနှိုင်းနေခြင်း ဖြစ်သည်။ 

Ref:Dailymail