နှာခေါင်းပန်းနာ

-ဒီနေ့ဆရာပြောမယ့် ရောဂါက အထူးအဆန်းပါလားဗျ။

အခုနောက်ပိုင်း သတိထားမိတာများလာလို့ အတွေ့များလာတဲ့ ရောဂါတစ်ခုကို ကျွန်တော်ပဲ အမည်ပေးထားတာပါဗျာ။ နှာရည်ယို၊ မျက်ရည်ကျ၊ နှာချေတာ၊ နှာခေါင်းပိတ်တာကတော့ ကလေးတွေရော၊ လူကြီးတွေမှာပါ အတွေ့များတဲ့ ရောဂါပါ။ အရင်ကတော့ အဲဒီလိုဖြစ်ရင် ဗိုင်းရပ်ပိုး၊ ဗက်တီးရီးယားပိုးတွေကြောင့် လို့ပဲ အမြဲလိုလို ယူဆခဲ့ကြပါတယ်။ အခုအခါမှာတော့ ရောဂါပိုးဝင်ခြင်းကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင်က အနံ့အသက်၊ ပိုးမွှား၊ တိရစ္ဆာန်အမွေးအမှင်၊ ပန်းဝတ်မှုန် စတာတွေကို တုံ့ပြန်မှု လွန်ကဲလို့ဖြစ်တဲ့ သွေးမတည့်မှုကြောင့် နှာခေါင်းအတွင်းသားများ ရောင်ရမ်းခြင်းကို ပိုပြီးသတိထား မိလာကြပါတယ်။ ဒါက အဆုတ်မှာဖြစ်တဲ့ ပန်းနာရင်ကျပ်နဲ့ သဘောသဘာဝတူလို့ ကျွန်တော်ကတော့ နှာခေါင်းပန်းနာလို့ အမည်ပေးချင်တာပါ။

-သွေးမတည့်ဘူးဆိုတဲ့စကားကို     အခုအခါမှာ တော်တော်ကြားလာရတယ်။   အဲ့အကြောင်းလေး သိပါရစေဆရာ။

သွေးမတည့်တာကို အလာဂျီ(Allergy) သို့မဟုတ် အေတိုပီ(Atopy) လို့လည်း ခေါ်ပါတယ်။ လူမှာက ကိုယ်ခံစွမ်းအားစနစ် (Immune System) ရှိပါတယ်။

ပတ်ဝန်းကျင်က ဝင်ရောက်လာတဲ့ ပိုးမွှား၊ အဆိပ်စတာတွေကို တိုက်ခိုက်ဖယ်ရှားဖို့ပါ။ ဒါပေမဲ့ ဒီစနစ်မှာလည်း လွဲချော်မှုတွေ ရှိနိုင်ပါတယ်။ တချို့လူတွေမှာ ပတ်ဝန်းကျင်မှာရှိတဲ့ အန္တရာယ်မရှိတဲ့ အရာဝတ္ထုတွေကို ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က တုံ့ပြန်မှုလွန်ကဲပြီး တိုက်ခိုက်လို့ အန္တရာယ်ရှိတဲ့ ရောဂါလက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဒါကို Atopy သို့မဟုတ် Allergy  သွေးမတည့်ခြင်းလို့ ခေါ်တာပါ။ ဥပမာ-ပန်းဝတ်မှုန်ဟာ လူတိုင်းမှာ ဘာမှမဖြစ်ပေမယ့် တချို့ နှာခေါင်းပန်းနာရှိတဲ့ လူတွေမှာ ချက်ချင်းနှာချေတာ၊ နှာရည်ကျလာတာ ဖြစ်လာတာမျိုးကို ဆိုလိုတာပါ။

-အခုအခါမှာ  သွေးမတည့်တာတွေက ပိုများလာသလား။

-မှန်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာပါပဲ။ ရောဂါပိုးမွှားတွေရဲ့ ကူးစက်မှုကို ပိုသိလာပြီး ကုသလာနိုင်၊  ကာကွယ်လာနိုင်တာနဲ့အမျှ ရောဂါပိုးကြောင့်ဖြစ်တဲ့ ရောဂါ (Infections) တွေက နည်းလာပါတယ်။ တစ်ဖက်ကတော့ သွေးမတည့်ရောဂါတွေ ပိုများလာတာ တွေ့ရပါတယ်။

-သွေးမတည့်တာက မျိုးရိုးလိုက်တတ်ပါသလား။

ဟုတ်ပါတယ်။ မျိုးရိုးလိုက်တတ်ပါတယ်။ ဗီဇထဲမှာကို ပါလာတာပါ။

-သွေးမတည့်ရောဂါတွေက ဘာတွေလဲဗျ။

-သွေးမတည့်ခြင်း ဗီဇပါလာတဲ့သူတွေမှာ ကလေးငယ် အရွယ်ကစပြီး လူကြီးအထိ သူ့အရွယ်အလိုက် ရောဂါလက္ခဏာတွ ေပြောင်းလဲပြတတ်ပါတယ်။ ဒါကို Allergic Marchသွေးမတည့်မှုဖြစ်စဉ် အဆင့်ဆင့်လို့ ခေါ်လို့ရပါတယ်။ မွေးပြီးမကြာခင်မှာ နို့ပွေးဖြစ်တာနဲ့ စပြပါတယ်။ အဲဒီနောက် ညနေပိုင်းမှာ ငိုခြင်း၊ ဗိုက်နာခြင်းတွေကလည်း ဒါနဲ့ဆိုင်တယ်လို့ ယူဆကြပါတယ်။

အဲဒီနောက် ဖြည့်စွက်စာတွေကျွေးတဲ့ အခါမှာတော့ တချို့အစားအစာတွေစားပြီးရင် အင်ပျဉ်ထခြင်း၊ နို့ပွေးထခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်းစတဲ့ အစာမတည့်ခြင်း(Food Allergy)နဲ့ပြပါတယ်။ အဲဒီနောက်တော့ အခုပြောတဲ့ နှာခေါင်းပန်းနာပေါ့။ အဲဒီနောက်ဆက်ပြီးတော့ ကလေး ရင်ကျပ်ပန်းနာကနေ လူကြီးရင်ကျပ်ပန်းနာအထိ အဆင့်ဆင့် သွားနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြင်းထန်မှု အဆင့်ချင်းတော့ မတူပါဘူး။

-နှာခေါင်းပန်းနာလို့ ဘယ်အခါမှာသတ်မှတ်သလဲ။

-နှာခေါင်းပန်းနာလို့ သတ်မှတ်ဖို့ အတွက်ကတော့ အောက်ကအချက်တွေထဲက အနည်းဆုံးနှစ်ချက်က နေ့တိုင်းနီးပါးမှာ တစ်နေ့ကို တစ်နာရီထက်ပိုဖြစ်နေရင် သတ်မှတ်လို့ရပါတယ်။ အဲဒါတွေကတော့ နှာရည်ယိုခြင်း၊ နှာချေခြင်း(အထူးသဖြင့် ရုတ်တရက် ကောက်ရသလိုချေခြင်း)၊ နှာခေါင်းပိတ်ခြင်း၊ နှာခေါင်းယားခြင်း၊ မျက်စိယားခြင်းတို့ပဲဖြစ်ပါတယ်။

-နှာခေါင်းပန်းနာက ဘယ်အရွယ်မှာပိုဖြစ်ပါသလဲ။

-ဒီရောဂါက ကလေးအရွယ်နဲ့ လူပျို၊ အပျိုဖော်ဝင်တဲ့ လူရွယ်တွေအရွယ်မှာ ပိုဖြစ်ပါတယ်။

-ဒီရောဂါနဲ့ဘယ်ရောဂါတွေ မှားတတ်သလဲ။

-ရာသီအလိုက်ဖြစ်တတ်တဲ့ ဗိုင်းရပ်ပိုး ဥပမာ-တုပ်ကွေးပိုး၊ ဗက်တီးရီးယားပိုးတွေကြောင့် နှာခေါင်းရောင်ခြင်း(အအေးမိနှာစေးခြင်း)နဲ့ မှားတတ်ပါတယ်။ ဒါတွေကတော့ ခဏဖြစ်ပြီး ပျောက်သွားလေ့ ရှိပါတယ်။

နှာခေါင်း တစ်ဖက်တည်းမှာ ရောဂါဖြစ်ခြင်း၊ အဝါရောင် နှပ်ပျစ်ပျစ်တွေထွက်ခြင်း၊ ပါးမို့၊ နဖူးစသည်တို့တွင်ဖိကြည့်လျှင်နာခြင်း၊ မကြာခဏ နှာခေါင်းသွေးလျှံခြင်း၊ အနံ့မရခြင်းတို့ရှိရင် တခြားရောဂါတွေလား ဆိုတာ စဉ်းစားရပါတယ်။ နှာခေါင်းနှင့် ဆက်နေတဲ့လေအိတ်များ ရောင်ခြင်း(Sinusitis)နဲ့လည်း မှားတတ်ပါတယ်။ ဒီရောဂါနှစ်ခုကလည်း တစ်ခုနဲ့တစ်ခု အပြန်အလှန်တော့ ပိုပြီးဖြစ်စေပါတယ်။ နောက်ပြီး နှာခေါင်းထဲမှာ ကလေးက တစ်ခုခုထည့်ထားခြင်း(Foregin Body)နဲ့လည်း မှားတတ်ပါတယ်။

-နှာခေါင်းပန်းနာက တခြားရောဂါတွေနဲ့လည်း တွဲဖြစ်နိုင်ပါသလား။

-ဖြစ်နိုင်ပါတယ်။ မကြာခဏ အတွဲအဆက်လေးတွေနဲ့ တွေ့ရတာပါ။ နှာခေါင်းနဲ့နားက ဆက်နေတော့ အလယ်နားရောင်ခြင်း၊ နှာခေါင်းနှင့် ဆက်နေသော အိတ်များရောင်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ အိပ်ရင်ပိတ်တဲ့ရောဂါ(Sleep Apnoea) စတာတွေနဲ့ အတူတကွ ဖြစ်လေ့ရှိပါတယ်။

-ဒီရောဂါကြောင့် ကလေးသူငယ်တွေမှာ ဘာပြဿနာတွေပေး လေ့ရှိသလဲ။

-အများကြီးပေးပါတယ်။ အမြဲလိုလို နှာရည်ယို၊ နှာချေ၊ နှာခေါင်းပိတ်နေတော့ နေရထိုင်ရခက်တယ်ဗျာ။ လူပျို၊ အပျိုအရွယ်ကျတော့လည်း အများရှေ့မှာ ရှက်စရာလိုဖြစ်နေတတ်တယ်။ ညအိပ်ရေးပျက်တယ်။ စာကိုအာရုံမစိုက်နိုင်ဘူး။ ကျောင်းလည်း မကြာခဏပျက်နိုင်တယ်။ အားကစား လှုပ်ရှားမှုတွေမှာ သူများနည်းတူ မလုပ်နိုင်ဘူး။ နောက် နားဘက်ကိုပါ ရောက်သွားရင် အကြားအာရုံကို ထိခိုက်နိုင်ပါတယ်။ပန်းနာရင်ကျပ်ရှိရင်လည်း ပိုဆိုးနိုင်တယ်။ သွားတို့၊ မျက်နှာတို့လည်း ပုံသဏ္ဌာန် ပြောင်းသွားစေနိုင် ပါတယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

-နှာခေါင်းပန်းနာလို့   အတိအကျ စစ်ဆေးနိုင်တာ ရှိသလားဗျ။

-အဓိကကတော့ ရောဂါရာဇဝင်ယူတာနဲ့ပဲ ရောဂါကို သတ်မှတ်ရတာပါ။  Allergen Skin Test ဆိုတဲ့ ဖြစ်နိုင်တဲ့၊ ရောဂါထစေတဲ့အရာတွေကို အရေပြားထဲမှာ အနည်းငယ်စီထိုးထည့်ပြီး ဘာနဲ့မတည့်သလဲဆိုတာ စမ်းသပ်ခြင်းကိုတော့ အခုအခါမှာ ရန်ကုန်မှာ လုပ်နိုင်ပါတယ်။ သွေးထဲမှာ သက်ဆိုင်ရာ ပဋိပစ္စည်း(Ig E)တက်၊  မတက် စစ်ဆေးခြင်းကိုလည်း  လုပ်နိုင်ပါတယ်။ ဒါတွေက ဘာနဲ့မတည့်သလဲသိဖို့ပါပဲ။ ရောဂါရာဇဝင်ကို စိတ်ရှည်ရှည်မေးခြင်းကတော့ ပိုအသုံးဝင်ပါတယ်။

-နှာခေါင်းပန်းနာမှာ ရောဂါအဆင့် ဘယ်လိုခွဲခြားပါသလဲ။

-ပထမဆုံးကတော့ တစ်နှစ်ပတ်လုံးဖြစ်တဲ့ နှာခေါင်းပန်းနာလား၊ တစ်ရာသီတည်းဖြစ်တဲ့ နှာခေါင်းပန်းနာလား ဆိုတာကို ခွဲခြားရပါတယ်။ ပန်းဝတ်မှုန်ပေါ်တဲ့ ရာသီမှာဖြစ်တဲ့ နှာခေါင်းပန်းနာကတော့ အအေးပိုင်း ဒေသတွေမှာ ပိုတွေ့ရပါတယ်။ တစ်ပတ်မှာလေး ရက်ထက် ဖြစ်တာနည်းရင် သို့မဟုတ် တစ်နှစ်မှာ လေးပတ်ထက် နည်းပြီးဖြစ်ရင်တော့ တစ်ခါတစ်ရံဖြစ် နှာခေါင်းပန်းနာ (Intermittent Allergic Rhinitis) လို့ခေါ်ပါတယ်။ ဒီထက်များရင်တော့ အမြဲဖြစ် နှာခေါင်းပန်းနာ (Permanent Allergic Rhinitis) လို့ခေါ်ပါတယ်။ အိပ်ရေးပျက်ရင်၊ နေ့စဉ်ကျောင်းစာသင်တာ၊ အားကစား လုပ်တာတွေကိုထိခိုက်ရင်တော့ ပိုမိုပြင်းထန်တယ်လို့ သတ်မှတ်ရပါတယ်။

-ကုသမှုကရောဆရာ။

-ကုသမှုကတော့ ရောဂါအဆင့်ပေါ်မှာ မူတည်ပြီး ကုသရပါတယ်။ ပန်းနာရင်ကျပ် ကုသခြင်းနဲ့တူပါတယ်။

-ဘာတွေလုပ်ရပါမလဲ။

-အဆင့်တိုင်းမှာ လုပ်ရမှာကတော့ သွေးမတည့်ခြင်းကိုဖြစ်စေတဲ့ အရာတွေကို ရှောင်ရှားတာပါပဲ။ နောက်တစ်ခုကတော့ ခဏသက်သာစေနိုင်တဲ့ Antihistamine ဆေးတွေပေးလို့ ရပါတယ်။ နှာခေါင်းထဲက သွေးကြောတွေကျဉ်းပြီး သက်သာစေတဲ့ Nasal Decongestant နှာခေါင်းဖျန်း ဆေးရည်တွေလည်း သုံးလို့ရပါတယ်။

အိပ်တဲ့အိပ်ခန်းကို ဖြစ်နိုင်ရင် လေဝင်လေထွက် အလင်းရောင် ကောင်းစေချင်တယ်။ အမွေးပွစောင်၊ အရုပ်၊ခေါင်းအုံး၊ အိပ်ရာခင်းတွေ မသုံးသင့်ဘူး။ ပြောင်ခေါင်းအုံးစွပ်၊ အိပ်ရာခင်း၊ စောင်တွေပဲ သုံးသင့်တယ်။ အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေ၊ စောင်တွေကို

၆ဝံC အထက်မှာရှိတဲ့အပူချိန်နဲ့ မကြာခဏလျှော်သင့်တယ်။ ကော်ဇောတွေ မသုံးသင့်ဘူး။ ခွေးတွေ၊ ကြောင်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေ မမွေးသင့်ဘူး။မွေးရင်တောင် အိပ်ခန်းထဲ မလာသင့်ဘူး။ ဖြစ်နိုင်ရင် အိမ်ပြင်မှာပဲထားရင် ပိုကောင်းတယ်။ သူတို့ကိုမကြာခဏရေချိုး သန့်စင်ပေးသင့်တယ်။ ပိုးဟပ်တွေ၊ ငှက်ချေးတွေ မရှိသင့်ဘူး။ အိမ်ကြမ်းခင်းတွေ သန့်ရှင်းပြီး ခြောက်သွေ့နေအောင် ထားသင့်တယ်။

-ဆေးနဲ့ပတ်သက်လို့ရောဆရာ။

-နှာစေးတာ၊ နှာရည်ယိုတာကို ပျောက်စေတဲ့ Antihistamine ဆေးတွေက ခဏတော့ သက်သာစေပါတယ်။ ဘာမီတွန်လိုဆေးမျိုးက အရင်က သုံးခဲ့ပါတယ်။ အခုအခါမှာတော့ ပိုပြီး အိပ်ငိုက်တာကို နည်းစေတဲ့ အသစ်ပေါ်တဲ့ Cetirizine ၊ Loratidine စတဲ့ဆေးတွေကို သုံးနိုင်ပါတယ်။

-ခဏခဏ မဖြစ်အောင် ကာကွယ်တဲ့ဆေးရော မရှိဘူးလား။

-အိပ်ရေးပျက်၊ စာသင်ပျက်အောင် ဒုက္ခပေးတဲ့ အဆင့်ဆိုရင်တော့ နှာခေါင်းအရောင်ကျဆေး အနေနဲ့ စတီးရွိုက်ဟော်မုန်းပါ နှာဖျန်းဆေးတွေကို ပုံမှန်ပေးထားလို့ရပါတယ်။ အဲဒီလိုပေးထားရင်တော့ ရောဂါလက္ခဏာ တော်တော်သက်သာ သွားပါတယ်။

-စတီးရွိုက်ဟော်မုန်းပါ ဆေးတွေကို ရေရှည်ပေးရင် အန္တရာယ်မရှိဘူးလားဆရာ။

-နှာဖျန်းဆေး(Nasal Spray) အဖြစ်နဲ့ ပေးတဲ့အခါမှာ ပေးရတဲ့ပမာဏက တော်တော်နည်းလို့ မလိုလားအပ်တဲ့အာနိသင် အလွန်နည်းပါတယ်။ ဒါကြောင့် ရေရှည်သုံးလို့ ရပါတယ်။ အကျိုးကျေးဇူးက မလိုလားအပ်တဲ့ အာနိသင်ထက် ပိုများပါတယ်။ ဒါပေမဲ့လည်း တကယ်လိုအပ်ရဲ့လားဆိုတာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြပြီးမှ သုံးသင့်တာပါ။ မိမိသဘောနဲ့ မသုံးသင့်ပါဘူး။

-နှာခေါင်းပန်းနာနဲ့ ပတ်သက်လို့ ဆရာ  နိဂုံးချုပ်ဘာပြောချင်ပါသလဲ။

-သွေးနဲ့မတည့်တဲ့ အရာတွေနဲ့ထိတွေ့ပြီး အမြဲလိုလို နှာရည်ယိုခြင်း၊ နှာချေခြင်း၊ နှာခေါင်းပိတ်ခြင်းတွေဖြစ်နေတတ်တဲ့ နှာခေါင်းပန်းနာက ပိုပိုပြီး တွေ့လာပါတယ်။ ကလေးနဲ့လူငယ်လူရွယ်တွေမှာ လူကြီးတွေထက် ပိုတွေ့ရှိရပါတယ်။ စနစ်တကျ ကာကွယ်ကုသမှုပေးခြင်းဖြင့် ဒီကလေးတွေ အနေနဲ့ နေရထိုင်ရ အဆင်ပြေပြီး ကောင်းကောင်းကစားနိုင်၊ ကျောင်းသွားနိုင်၊ စာကိုအာရုံစိုက်စေနိုင်ပါတယ်။ ရေရှည်ဖြစ်မယ့် ပြဿနာတွေကိုလည်း ရှောင်ရှားနိုင်မှာဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။   ။

ပါမောက္ခဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)