လက်ခံနိုင်သူမရှိတဲ့အသံဆူညံမှုနဲ့ ဆက်စပ်ဆိုးကျိုးများ(၂)

အသံဆူညံမှုအကြောင်းနဲ့ ပတ်သက်ပြီး အသံဆူညံမှုဖြစ်ပေါ်ရာ အကြောင်းရင်းတွေနဲ့ လူသားတွေ အပေါ် သက်ရောက် တဲ့ဆိုးကျိုးတွေကိုတော့ မနေ့ကတင်ပြပြီးပါပြီ။ ဒီနေ့မှာတော့ ရေနေသတ္တဝါတွေနဲ့ တခြား တိရစ္ဆာန်တွေအပေါ် ဘယ်လိုဆိုးကျိုးတွေ သက်ရောက်စေတယ်ဆိုတာကို ဦးစားပေးဖော်ပြသွားပါမယ်။ မိမိတို့ကမ္ဘာကြီးဟာ လူသားတွေချည်းပဲ နေထိုင်နိုင်တဲ့နေရာ တစ်ခုမဟုတ်ပါဘူး။ ဂေဟစနစ်တွေ ရှင်သန်ဖို့ အတွက် တခြားသတ္တဝါတွေကိုလည်း လိုအပ်ပါတယ်။

ဒါပေမဲ့လက်ရှိဖြစ်နေတဲ့အနေအထားက  တခြားသတ္တဝါတွေကြောင့် လူသားတွေပျက်စီး ဆုံးရှုံးရတာမရှိဘဲ လူသားတွေ ကြောင့်သာ တခြားသတ္တဝါတွ ေပျက်စီးဆုံးရှုံးရတာသာရှိပါတယ်။ ဒီအတွက် သတ္တဝါတွေကို ပျက်စီးဆုံးရှုံးစေတဲ့ လူသားတွေရဲ့လုပ်ရပ်ကို သိရှိဆင်ခြင်နိုင်စေဖို့ အခုလိုမျိုးရေးသားတင်ပြ ပေးရတာ ဖြစ်ပါတယ်။

 

ရေသတ္တဝါတွေအပေါ် သက်ရောက်မှု

 

ရေသတ္တဝါတွေအပေါ် သက်ရောက်မှုရှိစေတဲ့ အသံဆူညံမှုပုံစံ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက သင်္ဘောတွေ ခုတ်မောင်း သွားလာမှုကြောင့်ဖြစ်ပြီး နောက်တစ်မျိုး ကတော့ ပင်လယ်ပြင်အတွင်း သုတေသန ပြုလေ့လာ ရာကနေထွက်ရှိတဲ့ မြေငလျင် လှိုင်းတွေဖြစ်ပါတယ်။

ဥပမာအားဖြင့် ပင်လယ်ဖျံတွေဆိုတာ ကုန်းပေါ်မှာသာအနေများပြီး ရေအောက်မှာ အနေနည်းတဲ့ သတ္တဝါ တွေဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာနားကန်းခြင်း ဝေဒနာကိုခံစားရတယ်လို့ မှတ်တမ်း တင်တွေ့ ရှိထားပါတယ်။

သူတို့ကိုနားကန်းစေတဲ့ အဓိက အကြောင်းရင်းတွေကတော့ ကျယ်လောင်လွန်းတဲ့သင်္ဘောဟွန်းသံနဲ့ ရေအောက်မှာ အင်ဂျင်ခုတ်မောင်းသံတို့အပါအဝင် သင်္ဘောတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ပင်လယ် သမုဒ္ဒရာကြမ်းပြင်အောက်မှာရှိတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို ရှာဖွေတူးဖော်နိုင်ဖို့လုပ်တဲ့ လေ့လာဆန်း စစ်မှုတွေကြောင့်လည်း  မြေငလျင်လှိုင်း တွေဖြစ်ပေါ်စေပါတယ်။

အဲဒီလိုအရာတွေကနေထွက်လာတဲ့ အသံတွေကို သာမန်အားဖြင့်လူသားတွေရဲ့ နားနဲ့မကြားနိုင်ပေမယ့် ရေနေသတ္တဝါ တွေအတွက်တော့ တကယ့်ကိုဆူညံလွန်းတဲ့ အသံဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် ရေနေ သတ္တဝါတွေကြားအပြန် အလှန်ဆက်သွယ်လို့ မရတော့တာမျိုးတွေဟာ သူတို့အတွက်ကြီးစွာသော စိတ်ဖိစီး မှုကိုဖြစ်စေပြီး သဘာဝအလျောက်နေထိုင်ကြီးထွားမှုကိုပါ ဟန့်တားနှောင့်ယှက်နိုင်ပါတယ်။

ဥပမာအားဖြင့်  သန္တာကျောက်တန်းတွေရဲ့အသံကိုနားစွင့်ပြီး အိမ်ပြန်ခရီးနှင်တဲ့ ငါးသားပေါက်လေးတွေဟာ ပတ်ဝန်းကျင် ရဲ့ဆူညံသံကြောင့်  လိုရာခရီးကိုမရောက်တော့ပါဘူး။

စိတ်ဖိစီးမှုများတဲ့လူဟာ အသေစောရသလို ရေရှည်စိတ်ဖိစီးမှုကို ခံစားရတဲ့ရေနေသတ္တဝါတွေကလည်း  အသက်တိုပြီး မျိုးပွားမှုကိုပါ အဟန့်အတားဖြစ်လာပါတယ်။ ဒါကြောင့် ဒီလိုမျိုးအခြေအနေတွေမဖြစ် ရအောင် တချို့နိုင်ငံကြီးတွေမှာတော့ ပင်လယ်ရေအောက်လေ့လာမှုလုပ်တာတွေကို နယ်မြေပိုင်းခြား သတ်မှတ်ပြီး ကန့်သတ်ခြင်းမျိုးနဲ့ ရေနေသတ္တဝါတွေကို ထိခိုက်မှုနည်းစေမယ့် နည်းပညာတွေကိုအသုံးပြု တာမျိုးတွေလုပ်လာပါတယ်။

 

တောရိုင်းတိရစ္ဆာန်တွေအပေါ် သက်ရောက်မှု

 

တောရိုင်းတိရစ္ဆာန်တွေဟာ အသံဆူညံ မှုကိုကြားရတဲ့အခါမှာ အထက်မှာဆိုခဲ့သလိုပဲ စိတ်ဖိစီးမှုကို ခံစားရပါတယ်။ ဒီအတွက်ကြောင့် သူတို့ဟာပျော်ရာနေရာ မှာမနေရတော့ဘဲ တခြားနေရာကိုပြောင်း ရွှေ့သွားကြရပါတယ်။

တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝအမူအကျင့်တွေဖြစ်တဲ့ ကျက်စားရာနေရာရှာဖွေခြင်း၊ မိတ်လိုက်ခြင်း၊ ရန်သူတွေရဲ့ တိုက်ခိုက်မှုကနေရှောင်ရှားခြင်း၊ သားပေါက် တွေကိုကာကွယ်ခြင်းနဲ့ နယ်မြေသတ်မှတ်ခြင်းတို့ လုပ်ဆောင်ရာမှာ အသံကိုသာ အဓိကအားထားပြီး လုပ်ဆောင်ကြတာပါ။

တေးသီသံလို့တင်စားခေါ်ဝေါ်ကြတဲ့ ငှက်ကလေးတွေရဲ့ ကျီကျီကြာကြာအော်မြည်သံတွေဟာ တကယ် တော့သူတို့ အချင်းချင်း အဆက်အသွယ်လုပ်ဖို့ အသုံးပြုတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်နဲ့ တစ်ဖက် တင်းမာမှုတွေလျှော့ချတာမျိုး၊ နေ့စဉ်ရှင်သန်နေထိုင်မှုအတွက် လိုအပ်ချက်တွေကိုဆောင်ရွက်တာမျိုး၊ သားပေါက်တွေကို တစ်ပါးသူတွေရဲ့ အန္တရာယ်ကနေ အော်ဟစ်သတိပေးတာမျိုးတွေအတွက်လည်း အသံကို အသုံးပြုပါတယ်။

အခုအချိန်မှာတော့ ငှက်ကလေးတွေရဲ့ အော်မြည်သံတွေကို နံနက်ခင်းစောစောနဲ့ ညပိုင်းတွေမှာသာ ကြားနိုင်ပါတော့တယ်။ အကြောင်းရင်းကတော့ လူသားတွေကြောင့်ဖြစ်တဲ့ ဆူညံသံတွေများလာလို့ပါပဲ။

အသံဆူညံမှုရဲ့ အကျိုးဆက်ကို ခါးခါးသီးသီးခံစားရတဲ့ နောက်ထပ်တိရစ္ဆာန်တွေကတော့ လင်းနို့တွေ၊ ဖားတွေအပါအဝင် များပြားလှစွာသော တိရစ္ဆာန်တွေပါပဲ။ လင်းနို့တွေဟာ အစာရှာဖွေမှုအတွက် အမြင့် သံတွေကို နားထောင်မှုအပေါ် လုံးလုံးလျားလျားမှီခိုနေတာပါ။ အဲဒီအချိန်မှာ လူတွေဖန်တီးလိုက် တဲ့အသံတွေက သူတို့နားထဲရောက်သွားချိန်မှာ လင်းနို့တွေအနေနဲ့ အစာရှာဖွေဖို့ ခက်ခဲသွားတတ်ပါတယ်။

အလားတူ ဖားတွေဆိုရင်လည်း မိတ်လိုက်ဖို့အတွက် သူတို့ရဲ့အသံတွေကို အသုံးပြုရပါတယ်။ ဒါပေမဲ့လည်း ပတ်ဝန်းကျင်ဆူညံသံတွေကြောင့် သူတို့အနေနဲ့ အောင်မြင်မှုမရကြပါဘူး။ တခြားတိရစ္ဆာန်တွေဆိုရင် လူသား တွေရဲ့ နယ်မြေချဲ့ထွင်လာမှုတွေကြောင့် သူတို့တွေက တခြားနေရာတွေကိုရွှေ့ပြောင်း သွားရတာမျိုး တွေရှိပါတယ်။ ဒီလိုရွှေ့ပြောင်းရခြင်းဟာ သူတို့အနေနဲ့ ဆူညံသံတွေကို မခံမရပ်နိုင်တော့တာက အဓိက အကြောင်းရင်းတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။

ဒါပေမဲ့ သူတို့ရွှေ့ပြောင်းသွားတဲ့နေရာက သူတို့ရဲ့ရှင်သန်မှုပုံစံနဲ့ ကိုက်ညီချင်မှကိုက်ညီပါလိမ့်မယ်။  တချို့ နေရာတွေဆိုရင် ရေအနည်းငယ်သာရတဲ့နေရာမှာ ရှင်သန်ရတယ်။ တချို့တွေကတော့ အစာရေစာနည်းပါး၊ ရာသီဥတု၊ မြေမျက်နှာပြင်ကိုက်ညီမှုမရှိ၊ သားရဲကောင်တွေပေါများတဲ့ နေရာတွေမှာရှင်သန်ရပါတယ်။ အဲဒီရဲ့ အကျိုးဆက်ကတော့ တိရစ္ဆာန်တွေမျိုးသုဉ်းပျောက်ကွယ်တာနဲ့ မျိုးသုဉ်းတော့မယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင် လာရ တာမျိုးတွေဖြစ်ပါတယ်။

 

လူသားတွေအတွက်ဆုံးရှုံးမှုများ

 

အသံဆူညံမှုကြောင့်ရရှိတဲ့ လူသားတွေ ရရှိတဲ့ဆုံးရှုံးမှုတွေကို လူမှုဘဝဆုံးရှုံးမှုနဲ့ စီးပွားရေးအရဆုံးရှုံးမှုဆိုပြီး နှစ်မျိုးခွဲခြား နိုင်ပါတယ်။

လူမှုဘဝဆုံးရှုံးမှုဆိုတာကတော့ လုပ်ငန်းခွင်မှာ စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး၊ အိပ်ရေးမဝတဲ့ ညတွေများ လာတာမျိုးကနေ ဘယ်အရာကိုမှ စိတ်ဝင်စားမှုမရှိတော့တာမျိုး အထိဖြစ်လာတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် ဖော်ဖော်ရွေရွေပြောဆို ဆက်ဆံမှုတွေနည်းပါးလာပြီးလုပ်ငန်းခွင် စွမ်းဆောင်ရည် ကျဆင်းလာတာမျိုးတွေကိုလည်း ဖြစ်စေ နိုင်ပါတယ်။

ဒီလိုလူမှုဘဝဆုံးရှုံးမှုတွေကနေ ရရှိတာကတော့ စီးပွားရေးအရ ဆုံးရှုံးမှုတွေဖြစ်ပါတယ်။  လုပ်ငန်းခွင်ဝင် ရသူတွေဟာ စွမ်းဆောင်ရည်ကျဆင်းလာတာနဲ့အမျှ အလုပ်မတွင်တော့တာမျိုးတွေဖြစ်တဲ့အတွက် ငွေကြေး ဆုံးရှုံးမှုတွေများလာနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အသံဆူညံမှုကြောင့် ခံစားရတဲ့ရောဂါတွေကို ကုသရာမှာလည်း ငွေကြေးကုန်ကျမှုတွေရှိလာနိုင်ပါတယ်။ ဒါဟာလည်း စီးပွားရေးအရဆုံးရှုံး မှုတွေဖြစ် ပါတယ်။

အသံဆူညံမှုကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ထပ်စိတ်ညစ်ဖွယ်ရာတစ်ခုကတော့ လူတစ်ဦးနဲ့တစ်ဦးခေါ်မကြား၊ အော်မကြားဖြစ်လာတာပါပဲ။ ဒီလိုဖြစ်လာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦးကြားမှာ နားလည်မှုတွေလွဲလာနိုင်သလို စိတ်ခံစားချက်တွေကိုလည်း ပြောင်းလဲသွားစေနိုင်ပါတယ်။ အဆုံးသတ်မှာ အဘက်ဘက် ကဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ အသံဆူညံမှုကို လူသားတွေဘက်ကလျှော့ချမှသာ မိမိတို့လူသားတွေသာမက တိရစ္ဆာန် တွေနဲ့ သဘာဝပတ်ဝန်းကျင်အတွက်ပါ  အကျိုးများမှာဖြစ်ပြီး အသက်ရှည်စွာနေထိုင်သွား နိုင်မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။     ။

နွေဦး