အမေရိကန်လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ် တောင်တရုတ်ပင်လယ် အတွင်း ဝင်ရောက်လာ

ဝါရှင်တန်၊ နိုင်ငံရေး

အမေရိကန်ရေတပ်မှ့ USS Theodore Roosevelt ဦးဆောင်သော လေယာဉ်တင် သင်္ဘောတိုက်ခိုက် ရေးအုပ်သည် ပင်လယ်ရေကြောင်း လွတ်လပ်စွာသွားလာမှုကိုမြှင့်တင်သည့်အနေဖြင့် တောင်တရုတ်ပင်လယ် အတွင်းသို့ဝင်ရောက်ကြောင်း အမေရိကန်စစ်ဘက်က ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်ရေးအုပ်သည် ဇန်နဝါရီ ၂၃ ရက်တွင် တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက်ခြင်း ဖြစ်ကြောင်း အမေရိကန်၏  အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်ကထုတ်ပြန်ထားခြင်းဖြစ်သည်။

လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်သည် ပင်လယ်ရေကြောင်း လွတ်လပ်စွာသွားလာခွင့် ကိုမြှင့်တင် ရန်နှင့် မိတ်ဖက်နိုင်ငံများနှင့်အတူ ရေကြောင်းလုံခြုံရေးကို တည်ဆောက်ရန် တောင်တရုတ်ပင်လယ်အတွင်း ရောက်ရှိနေပြီဖြစ်ကြောင်း အမေရိကန်စစ်ဘက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကမ္ဘာ့ ကုန်သွယ်မှု သုံးပုံနှစ်ပုံမှာ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းဒေသ အတွင်း လွတ်လပ်စွာသွားလာမှုကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ကြောင်း လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်မှူးရေတပ် ဒုတိယဗိုလ်ချုပ်ကြီး   ဒေါက်ဗာရီဆီမိုက ပြောသည်။

အမေရိကန်၌ ဂျိုးဘိုင်ဒင်ကသမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ နှင့်အငြင်းပွား မှုဖြစ်စေမည့် တောင်တရုတ်ပင်လယ်အတွင်း လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ် ဝင်ရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: CAN