အာရှတိုက်၏ ကမ္ဘာ့အလိုရှိဆုံးမူးယစ်ရာဇာကို နယ်သာလန်နိုင်ငံ၌ဖမ်းမိ

ဆစ်ဒနီ၊  မှုခင်း

အာရှတိုက်၏ အကြီးဆုံးမူးယစ်ရာဇာဖြစ်သည့်အပြင် ကမ္ဘာ့အလိုရှိဆုံးရာဇဝတ်သားဖြစ်သည့် ဆီချီလော့ကို နယ်သာလန်နိုင်ငံ၌ ဖမ်းမိကြောင်းသိရသည်။

နယ်သာလန်ရဲတပ်ဖွဲ့သည် သြစတြေးလျ ဗဟိုရဲတပ်ဖွဲ့၏ တောင်းဆိုမှုကြောင့် အသက် ၅၇ နှစ်ရှိ ဆီချီလော့ ကို ဇန်နဝါရီ ၂၂ ရက်တွင်ဖမ်းမိခြင်းဖြစ်ပြီး ၎င်းကိုဖမ်းမိနိုင်ရန် ရဲတပ်ဖွဲ့က နှစ်ပေါင်းများစွာကြာ ခြေရာခံ လိုက်နေခဲ့ခြင်းဖြစ်သည်။

တရုတ်နွယ်ဖွား ကနေဒါနိုင်ငံသားဖြစ်သည့် ဆီချီလော့သည် ကမ္ဘာ့မူးယစ်ရာဇာဖြစ်သည့် အယ်ချာပိုဂက်ဇမန်း နှင့် တူသည်ဟုတင်စားခံရသူဖြစ်ကာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော မက်သာဖက်တမင်းများကို ထုတ်လုပ် ဖြန့်ဖြူးသူအဖြစ် ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ သတ်မှတ်ခြင်းကို ခံထားရသူဖြစ်သည်။

၎င်းသည် မူးယစ်ဆေးဝါးမှရသော ငွေများကို မဲခေါင်ဒေသရှိ ကာဆီနို၊ ဟိုတယ်နှင့်အိမ်ခြံမြေ လုပ်ငန်းများ မှတစ်ဆင့် ငွေဖြူပြောင်းလဲနေသူဖြစ်ကြောင်း သိရသည်။ ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ထိုကဲ့သို့သော မူးယစ်ရာဇာ ကိုဖမ်းဆီးနိုင်မှုသည် သြစတြေးလျရဲတပ်ဖွဲ့၏ အောင်မြင်မှုဖြစ်ကြောင်းနှင့် ယခုအခါ နယ်သာလန်တာဝန်ရှိသူများက ၎င်းကိုသြစတြေးလျနိုင်ငံသို့ လွှဲပြောင်းပေးရန်ပြင်ဆင်နေကြောင်း သိရသည်။

Ref: CAN