ကျွန်တော်တင်ပြချင်တဲ့ အကြောင်းအရာ လေးကတော့ ခေါင်းစဉ်ပါအတိုင်း ရိုးရိုးလေးပါပဲ။ အခုမေးခွန်းများနဲ့ အဖြေများကိုတော့ ဂျွန်ဟော့ကင်းဆေးတက္ကသိုလ်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ရဲ့ ဝက်ဆိုက်မှာ ဖော်ပြထားတဲ့ အချက်တွေထဲက ကောင်းနိုးရာရာတွေကို ထုတ်နုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ကိုဗစ်-၁၉ရောဂါစဖြစ်တယ်။ ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးကတော့ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ကမ္ဘာလုံးကပ်ဆိုက်သွားပါတယ်။
ဒါပေမဲ့ နှစ်ကုန်ပိုင်းမှာတော့ လူသားတွေအတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေ အလျှိုအလျှိုထွက်ပေါ်လာပါတယ်။
၂၀၂၁ ခုနှစ်ထဲမှာတော့ တစ်ဖက်က ရောဂါကူးစက်မှုတွေကို လျှော့ချနိုင်ဖို့လုပ်ရင်း တစ်ဖက်ကလည်း ကာကွယ်ဆေးတွေကို အရှိန်အဟုန်နဲ့ ထိုးနိုင်ဖို့ ကြိုးပမ်းလာကြပါတယ်။
ကမ္ဘာ့နိုင်ငံကြီးတွေကတော့ ပြည်သူအများအပြားကို ကာကွယ်ဆေးထိုးပေးပြီးပေမယ့် နိုင်ငံငယ်လေးတွေ အထူးသဖြင့် ငွေကြေးမတတ်နိုင်တဲ့နိုင်ငံတွေဟာ အခုမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆိုတာကို မြင်ဖူးမယ့် အနေအထား ဖြစ်ပါတယ်။
ဒါကြောင့် ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အများပြည်သူအနေနဲ့ တချို့အရာတွေ သိရှိထားပေမယ့်လည်း လွဲကောင်းလွဲ နေနိုင်သလို အဲဒီလိုတလွဲအသိတွေကနေ ကောလာဟလတွေ အထိဖြစ်ကာ ကာကွယ်ဆေးကို လူတွေကြောက်သွားနိုင်တဲ့အထိ ဖြစ်နိုင်တာကြောင့် အခုလိုမျိုးအများသိချင်နေမယ့် မေးခွန်းလေးတွေနဲ့ အဖြေလေးတွေကို စုစည်း တင်ဆက်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။
ကာကွယ်ဆေးက ဘယ်လိုအလုပ်လုပ်တာလဲ
ရိုးရိုးလေးပြောရရင် ကာကွယ်ဆေဆိုတာ လူတွေကိုရောဂါပိုးတွေ မကူးစက်နိုင်အောင် ကာကွယ်ပေးနိုင်တဲ့ဆေးပါ။ ကာကွယ်ဆေးမှာ ရောဂါပိုးရဲ့ အန္တရာယ်မရှိတဲ့ အစိတ်အပိုင်းကို အဓိက အသုံးပြုလေ့ ရှိပါတယ်။
ဒါကြောင့် ကာကွယ်ဆေးထိုးလိုက်တဲ့အခါ လူ့ခန္ဓာကိုယ်ထဲကို ရောဂါပိုးထိုးသွင်းလိုက်သလိုမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ လူကို အန္တရာယ် မဖြစ်စေပါဘူး။
အဓိကက လူ့ခန္ဓာကိုယ်ထဲကနေ အဲဒီရောဂါပိုးကို တိုက်ထုတ်နိုင်မယ့် ကိုယ်ခံအား ထွက်လာစေဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးလိုက်ပြီဆိုရင် လူ့ခန္ဓာကိုယ်ထဲက ကိုယ်ခံအားကထွက်လာပြီး တကယ့်အန္တရာယ်ရှိတဲ့ ရောဂါပိုးကူးစက်ခံရချိန်မှာ အသင့်ထွက်ပေါ်ပြီးသားဖြစ်တဲ့ ကိုယ်ခံအားက အဲဒီရောဂါပိုးကို တိုက်ထုတ်တာပါ။
ဒီနေရာမှာ ကိုယ်ခံအားအကြောင်း အနည်းငယ်ရှင်းပြလိုပါတယ်။ ကိုယ်ခံအားမှာ မှတ်ဉာဏ်ရှိပါတယ်။
ဘယ်လိုမှတ်ဉာဏ်လဲဆိုရင် ခန္ဓာကိုယ်ထဲဝင်လာတဲ့ ရောဂါပိုးက ဘယ်လိုအမျိုးအစားဖြစ်တယ်။
ဒါဆိုရင်တော့ ဘယ်လိုတိုက်ထုတ်ရမယ်ဆိုတာကို ခန္ဓာကိုယ်က အလိုအလျောက် လုပ်ဆောင်တာ ဖြစ်ပါတယ်။
ဒါကြောင့် ကာကွယ်ဆေးထိုးပြီးချိန်မှာ ကာကွယ်ဆေးမှာပါတဲ့ ရောဂါပိုးကို တိုက်ထုတ်ဖို့ထွက်ပေါ်နေတဲ့ ကိုယ်ခံအားက လူတွေအနေနဲ့ ပြင်ပက အလားတူ ရောဂါပိုးကူးစက်ခံရချိန်မှာ အဲဒီရောဂါပိုးကို တိုက်ထုတ်လိုက်တာပါပဲ။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကရော အဲဒီရောဂါပိုးမကူးစက်အောင် ဘယ်လိုကာကွယ်တာလဲ
ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတာက ကိုရိုနာဗိုင်းရပ်အနွယ်ဝင် နိုဗယ်ကိုရိုနာဗိုင်းရပ် ဖြစ်ပါတယ်။ အဲဒီဗိုင်းရပ်ဟာ အလွန်
သေးငယ်တဲ့အမှုန်သာသာပဲရှိပါတယ်။
မျက်စိထဲမြင်အောင်ပြောရရင် အရွယ်အစားအကြီးဆုံးပါဆိုတဲ့ ကိုရိုနာဗိုင်းရပ်ရဲ့အမှုန်က ၂၀၀ နာနိုမီတာရှိပြီး အသေးဆုံးပါဆိုတဲ့ ကိုယ်လိမ်းပေါင်ဒါမှုန့်က ၄၀၀ နာနိုမီတာရှိပါတယ်။ ဒါကြောင့် အကြီးဆုံးဆိုတဲ့ ဗိုင်းရပ်အမှုန်ဟာ အသေးဆုံးဆိုတဲ့ ပေါင်ဒါအမှုန့်ရဲ့ တစ်ဝက်စာပဲရှိပါတယ်။
ဒီလိုဗိုင်းရပ်အမှုန်တစ်ခုစီမှာ စပိုက်ပရိုတိန်းလို့ခေါ်တဲ့ အရာလေးတွေ ရှိပါတယ်။
အရှင်းဆုံးပြောရရင် ချိတ်လေးတွေပါ။ အဲဒီချိတ်လေးတွေက လူ့ခန္ဓာကိုယ်မှာရှိတဲ့ ကလာပ်စည်းတွေကို ကပ်ငြိပြီး တော့မှ ရောဂါဖြစ်စေတာ ဖြစ်ပါတယ်။
လက်ရှိဖော်စပ်ထားပြီးဖြစ်တဲ့ ကာကွယ်ဆေးတချို့ကတော့ လူ့ကိုယ်ခံအားအနေနဲ့ ဗိုင်းရပ်ရဲ့အဲဒီချိတ်လေးတွေကို မှတ်သားပြီး တိုက်ထုတ်နိုင်ဖို့အတွက် ဖန်တီးထားပါတယ်။
အမှန်တကယ်ထိရောက်မှုရှိတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆိုရင်တော့ လူ့ခန္ဓာကိုယ်မှာ အဲဒီရောဂါပိုးတွယ်ကပ် နိုင်ခြေကို လျှော့ချပေးပါတယ်။
ဒီလိုလျှော့ချပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို လျော့ကျစေပြန်ပါတယ်။ လူအများအပြားအနေနဲ့ အဲဒီရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားရှိနေပြီဆိုရင်တော့ တစ်ဦးချင်းစီက ရောဂါပြန့်ပွားမှု လျော့ကျရာကနေ ကပ်ရောဂါကြီးကို အဆုံးသတ်စေမှာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရဲ့ ဘေးကင်းမှုနဲ့ အာနိသင်ရှိမှုကို ဘယ်လိုသိနိုင်မလဲ
ရပ်သိရွာသိ ကာကွယ်ဆေးတစ်မျိုးထုတ်မယ်ဆိုရင် တော်ရုံတန်ရုံပြီးစလွယ်လုပ်ပြီး ထုတ်လို့ မရပါဘူး။ အခုလိုမျိုး ကမ္ဘာသိကာကွယ်ဆေးဆိုရင်တော့ လိုအပ်ချက်က အတိုင်းထက် အလွန်ပါပဲ။ သူတို့တွေဟာ လိုအပ်တဲ့ စမ်းသပ်မှုတွေ၊ စစ်ဆေးမှုတွေ အဆင့်ဆင့်ကို အောင်မြင်စွာ ဖြတ်သန်းရပါတယ်။
ဘယ်သူတွေက စစ်ဆေးတာလဲဆိုတော့ နိုင်ငံအတွင်းမှာ ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးမယ့် အာဏာပိုင်အဖွဲ့နဲ့ ကျွမ်းကျင်ပညာရှင်တွေက စစ်ဆေးတာပါ။
ကာကွယ်ဆေးကတော့ တစ်မျိုးတည်းပဲ။ ဒါပေမဲ့ ကာကွယ်ဆေး အထိုးခံမယ့် သူကတော့မတူပါဘူး။ ရေ၊ မြေ၊ နေထိုင် စားသောက်မှုအခြေအနေတွေအပေါ် မူတည်ပြီး ကာကွယ်ဆေးရဲ့ အာနိသင် သက်ရောက်မှုက ကွဲပြားနိုင်ပါတယ်။
ဒါကြောင့်လည်း အဲဒီကာကွယ်ဆေးက သူများနိုင်ငံမှာ ကောင်းတယ်ဆိုပေမယ့် ကိုယ့်နိုင်ငံနဲ့ တည့်ချင်မှ တည့်နိုင်တာကြောင့် တာဝန်ရှိသူတွေက စမ်းသပ်မှုကို အဆင့်ဆင့် လုပ်ရတာဖြစ်ပြီး ကိုယ့်နိုင်ငံမှာရှိတဲ့ သူတွေနဲ့ တည့်တယ်ဆိုတော့မှ အဲဒီကာကွယ်ဆေးကို ထိုးခွင့်ပြုတာ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် တာဝန်ရှိသူတွေကလည်း ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ ကာကွယ်ဆေးကိုသာ အသုံးပြုခွင့် ပေးထားတာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ကလည်း ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
သေချာတာတစ်ခုကတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလို့ အဲဒီရောဂါဖြစ်ပွားမှာတော့ မဟုတ်ပါဘူး။ အထက်မှာဆိုခဲ့သလိုမျိုး ကာကွယ်ဆေးထဲမှာ ကိုရိုနာဗိုင်းရပ်ရဲ့ အစိတ်အပိုင်းတွေပါတယ် ဆိုပေမယ့် ကိုယ်ခံအား ထွက်လာစေဖို့ကို လှုံ့ဆော်ဖို့အတွက်သာဖြစ်ပြီး လူကိုအန္တရာယ် ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်တစ်ခုလုံး မပါဝင်တဲ့အတွက် ကာကွယ်ဆေးထိုးခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှာမဟုတ်ပါဘူး။
ကာကွယ်ဆေးအာနိသင်က ဘယ်လောက်ကြာကြာခံမှာလဲ
ကိုဗစ်-၁၉ ရောဂါဆိုတာ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ ပထမဆုံးဖြစ်ပွားတဲ့ ရောဂါဖြစ်တဲ့အတွက် သူ့ရဲ့သက်ရောက်မှု အားကို အတိအကျမသိနိုင်သေးပါဘူး။
အလားတူပဲ အဲဒီရောဂါအတွက် ကာကွယ်ဆေးဆိုတာက ပေါ်တာမှလပိုင်းမျှသာ ရှိသေးတဲ့အတွက် ဆေးရဲ့အာနိသင်က
ဘယ်လောက်အထိကြာကြာခံမှာလဲဆိုတာကိုလည်း အတိအကျ မသိနိုင်သေးပါဘူး။
သာမန်အားဖြင့် ရောဂါပိုးတစ်ခုကူးစက်ခံရဖူးသူဟာ ကိုယ်ခံအားထွက်ရှိပြီး ဖြစ်တဲ့အတွက် နောက်တစ်ကြိမ် အဲဒီရောဂါပိုးကို တော်ရုံနဲ့ ကူးစက်ခံရတော့မှာ မဟုတ်ပါဘူး။
ဒါဟာဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ခုပါ။
ဒါပေမဲ့လည်း ကိုဗစ်-၁၉ ရောဂါကျတော့ အဲဒီလိုမဟုတ်ပါဘူး။ လူတစ်ယောက်က ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးလို့ နေပြန်ကောင်းတာမှ မကြာသေးဘူး နောက်တစ်ကြိမ် အဲဒီရောဂါထပ် ဖြစ်တာတွေကို တွေ့နေရပါတယ်။ များသောအားဖြင့် အရင်ကလိုတော့ ရောဂါပြင်းထန်မှုမရှိပါဘူး။
ဒါဟာဘာကိုပြနေလဲဆိုရင် ကိုယ်ခံအားကဘယ်လောက်ကြာကြာခံနိုင်လဲ ဆိုတာကို ပညာရှင်တွေ အနေနဲ့ ဝေခွဲမရတဲ့ အခြေအနေကို ဖော်ပြနေပါတယ်။
လတ်တလောလုပ်ထားတဲ့ သုတေသနတွေအရရော၊ အရင်လုပ်ထားတဲ့ သုတေသနတွေအရ ရောပေါင်းစပ်ပြီး ပြောရမယ်ဆိုရင် ကိုယ်ခံအားက ခြောက်လလောက်တော့ ခံနိုင်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
လက်ရှိမှာတော့ ကာကွယ်ဆေးထုတ်လုပ်သူတွေက ကိုယ်ခံအားကြာရှည်ခံအောင် နည်းလမ်းအမျိုးမျိုးနဲ့ ကြံဆပြီး လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။