ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးရင် ကာကွယ်ဆေးထိုးလို့ရမလား
ဒီမေးခွန်းနဲ့ပတ်သက်ပြီး အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန(CDC)နဲ့ ဂျွန်ဟော့ကင်း ဆေးတက္ကသိုလ်တို့က ဖော်ပြချက်အရ အရင်ဆုံးဖြေသွားပါမယ်။
သူတို့ရဲ့ဖော်ပြချက်အရဆိုရင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးတဲ့သူ ဒါမှမဟုတ် ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိ ထားသူဆိုရင် ကာကွယ်ဆေးထိုးခြင်းကြောင့် ကာကွယ်ဆေးရဲ့အာနိသင်တွေကို ရရှိနိုင်တယ်လို့ဆို ထားပါတယ်။
ဘာကြောင့်လဲဆိုရင် ရောဂါဖြစ်ပြီးလို့ထွက်လာတဲ့ သဘာဝကိုယ်ခံအားက တာရှည်ခံလေ့မရှိပါဘူး။ ဒါကတော့ လူတစ်ဦးနဲ့တစ်ဦးအပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ဒါ့အပြင် နောက်တစ်ကြိမ် ရောဂါကူးစက်မှုကိုလည်း ခံရနိုင်ပါတယ်။
ဒီအတွက်ကြောင့် ကာကွယ်ဆေးသာ ထိုးထားမယ်ဆိုရင် ကိုယ်ခံအားလှုံ့ဆော်မှု ပိုရပြီး ရောဂါကူးစက်မှုကို ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရောဂါဖြစ်ပြီးသူတွေဟာ ကာကွယ်ဆေးကို ချက်ချင်းထိုးဖို့ မသင့်တာကို တွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် ရောဂါဖြစ်ပြီးလို့ သိပ်မကြာခင်မှာပဲ ကာကွယ်ဆေးထိုးမိလိုက်လို့ သေဆုံးသွားရတဲ့ဖြစ်စဉ်ရှိပါတယ်။
မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကတော့ လက်ရှိရောဂါဖြစ်နေသူများ၊ သံသယလူနာများနဲ့ ရောဂါလက္ခဏာ ပျောက်ကင်းသွားပြီးနောက် ၁၄ ရက်မကျော်သေးသူများ အနေနဲ့ ကာကွယ်ဆေးထိုးဖို့ မသင့်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
အကောင်းဆုံးကတော့ ကိုယ့်ရေမြေနေထိုင်မှု သဘာဝနဲ့ အသုံးပြုတဲ့ ကာကွယ်ဆေးအပေါ် မူတည်ပြီး ထုတ်ပြန်ထားတဲ့တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက် အတိုင်းသာ လိုက်နာခြင်းဖြစ်တယ်လို့သာ ဖြေလိုပါတယ်။
ကာကွယ်ဆေးထိုးပြီး နှာခေါင်းစည်းတပ်ဖို့လိုသေးလား
ဒီကနေ့ခေတ်မှာ အပြင်ထွက်တဲ့သူမှန်ရင် နှာခေါင်းစည်းတပ်ရမယ်ဆိုတာက ယဉ်ကျေးမှုတစ်ခုလိုဖြစ်လာနေပါပြီ။ လက်ရှိရောဂါကူးစက်ပျံ့နှံ့မှ ုအနေအထားအရ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်သင့်ပါတယ်။
တကယ်တော့ နှာခေါင်းစည်းတပ်တယ်ဆိုတာ တစ်ဖက်ကကြည့်ရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေ ကူးစက်မခံရအောင် ကာကွယ်ပေးနိုင်တယ် ဆိုပေမယ့် တခြားတစ်ဖက်ကကြည့်ရင်တော့ သိပ်ကိုစိတ်ရှုပ်ဖို့ ကောင်းတဲ့ကိစ္စဖြစ်ပါတယ်။
ဒီအတွက်ကြောင့် လူအများစုဟာ ကာကွယ်ဆေး ထိုးပြီးရင် အရင်ဆုံးလုပ်ဖို့ ရည်ရွယ်ထားတာက နှာခေါင်းစည်းမတပ်ဘဲ အပြင်တွေကို လျှောက်သွားဖို့ပါ။
ဒါပေမဲ့ ကာကွယ်ဆေးထိုးပြီးတိုင်း နှာခေါင်းစည်းကို ချွတ်လို့မရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ လူထုတစ်ရပ်လုံးကိုယ်ခံအားရရှိဖို့ လိုအပ်နေသေးလို့ဖြစ်ပါတယ်။ လူထုတစ်ရပ်လုံးကိုယ်ခံအားရဖို့ဆိုတာ အနည်းဆုံးလူ ၁၀၀ မှာအယောက် ၇၀ လောက်က ကိုယ်ခံအားထွက်ရှိနေရမှာဖြစ်ပါတယ်။ ဒါမှသာ ကပ်ရောဂါကြီးကိုအပြီးသတ်တိုက်ထုတ်နိုင်မှာပါ။
ဒါ့အပြင် လက်ရှိဖော်စပ်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေရဲ့စွမ်းပကားကိုလည်း လက်တွေ့ကျကျ အတိအကျ မသိရသေးပါဘူး။
နောက်တစ်ချက်က အခုလိုမျိုးကာကွယ်ဆေး အလုံအလောက် မရသေးတဲ့အချိန်မှာ လူတိုင်းနီးပါးကာကွယ် ဆေးထိုးပြီးဖို့ ဆိုတာမဖြစ်နိုင်တဲ့အတွက် လူထုတစ်ရပ်လုံး ကိုယ်ခံအားရဖို့ အချိန်များစွာ လိုပါသေးတယ်။
အပြင်ထွက်တိုင်း နှာခေါင်းစည်းတွေတပ်ဖို့ မလိုတော့တဲ့နေ့ဟာ လူထုတစ်ရပ်လုံး ကိုယ်ခံအားရရှိတဲ့ နေ့မှသာ ဖြစ်နိုင်ပါလိမ့်မယ်။
လူတိုင်းကာကွယ်ဆေးရမှာလား
လူတိုင်းကာကွယ်ဆေးရမှာလားဆိုတော့ လူတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရပါလိမ့်မယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ မဟုတ်သေးပါဘူး။
အထက်မှာဆိုခဲ့သလို လူထုတစ်ရပ်လုံး ကိုယ်ခံအားရဖို့ဆိုရင် လူတိုင်းကာကွယ်ဆေးထိုးမှသာ ရမှာပါ။ ဒီအတွက်ကြောင့် လူတိုင်းကာကွယ်ဆေးကိုထိုးနှံရပါမယ်။
သို့သော်လည်း ကာကွယ်ဆေးတွေက အခုမှထုတ်လုပ်ခါစအဆင့်သာရှိသေးသလို ငွေကြေးတတ်နိုင်တဲ့နိုင်ငံတွေက ကာကွယ်ဆေးတွေကို အလုံးအရင်းနဲ့ကြိုတင်ဝယ်ထားတဲ့အတွက် ဆေးကုမ္ပဏီတွေကလည်း သူတို့ကို ဦးစားပေးပြီး ပေးရမှာပါ။
ငွေကြေးအင်အားမတတ်နိုင်တဲ့နိုင်ငံတွေ၊ ကာကွယ်ဆေးဝယ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုအားနည်းတဲ့ နိုင်ငံတွေကတော့ ပြည်သူတစ်ရပ်လုံးအတွက် ကာကွယ်ဆေးတွေကို အချိန်တိုအတွင်းရဦးမှာ မဟုတ်ပါဘူး။
ဒါ့အပြင် ဒီဆေးကငွေရှိတဲ့ပြည်သူတွေအနေနဲ့ ပုဂ္ဂလိကဝယ်ယူတင်သွင်းလို့မရပါဘူး။ အစိုးရအချင်းချင်း ချိတ်ဆက်ပြီးမှသာ ဝယ်ယူရတာ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် လူတိုင်းကာကွယ်ဆေးရမှာလား ဆိုတာကတော့ ကိုယ်နေထိုင်တဲ့နိုင်ငံနဲ့ အစိုးရအပေါ်မှာသာ များစွာမူတည်နေပါတယ်။
ကာကွယ်ဆေးထိုးပြီး ဆေးစစ်ရင်ရောဂါပိုးရှိကြောင်း ပေါ်မှာလား
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးချိန် အဲဒီရောဂါရှိ၊ မရှိ ဆေးစစ်ရင် ရောဂါပိုးရှိကြောင်း အဖြေထွက်မှာ မဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုရင် မနေ့ကဆိုခဲ့သလို ကာကွယ်ဆေးအများစုဟာ မူလရောဂါပိုးရဲ့ လူကိုအန္တရာယ် မဖြစ်စေတဲ့ အပိုင်းကိုယူပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ရောဂါပိုးရှိ၊ မရှိဆေးစစ်ရင်တော့ ရောဂါပိုးရှိကြောင်း အဖြေမထွက်တာပါ။
ဒါပေမဲ့ ပဋိပစ္စည်းရှိ၊ မရှိစစ်ဆေးရင်တော့ ပဋိပစ္စည်းရှိကြောင်း အဖြေထွက်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပဋိပစ္စည်းဆိုတာ ရောဂါပြီးစေတဲ့အရာ တစ်နည်းအားဖြင့် ကိုယ်ခံအားဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးပြီးရင် ကိုရိုနာဗိုင်းရပ်ကို တိုက်ထုတ်မယ့် ကိုယ်ခံအားရှိနေကြောင်း အဖြေထွက်တာ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီးရင် ရောဂါဖြစ်နိုင်လား
ဒီအတွက်အဖြေကတော့ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ ကာကွယ်ဆေးထိုးပြီးပြီးချင်းအချိန်နဲ့ နောက်တစ်ပိုင်း ကတော့ သီတင်းပတ် အနည်းငယ်ကြာပြီးတဲ့ အချိန်ပါ။
လက်ရှိဖော်စပ်ထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့တူညီတဲ့ရည်ရွယ်ချက်ကတော့ လူ့ခန္ဓာကိုယ်ထဲကနေ ကိုယ်ခံအားထွက်လာစေဖို့အတွက်နဲ့ ကိုရိုနာဗိုင်းရပ်ကို မှတ်သားသိရှိပြီး တိုက်ထုတ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးထိုးပြီးပြီးချင်းမှာ ကိုယ်ခံအားက ချက်ချင်းဖြစ်ပေါ်လာဦးမှာ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ ကိုယ်ခံအား ဖြစ်ပေါ်ဖို့အတွက် သီတင်းပတ်အနည်းငယ်ကြာပါတယ်။
ကိုယ်ခံအားဖြစ်ပေါ်နေစဉ်မှာလည်း ဖျားခြင်းလိုမျိုး လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒါဟာပုံမှန်ဖြစ်စဉ် ဖြစ်တဲ့အတွက် စိုးရိမ်စရာတော့မရှိပါဘူး။
ဒါကြောင့် မေးခွန်းအတွက် အဖြေကိုပြန်ဆက်ရမယ်ဆိုရင် ကာကွယ်ဆေးထိုးပြီးပြီးချင်း မဆင်မခြင်နေမယ် ဆိုရင်တော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနိုင်ပါသေးတယ်။
ကာကွယ်ဆေးထိုးပြီး သီတင်းပတ် အနည်းငယ်ကြာ သွားချိန်ဆိုရင်တော့ ကိုယ်ခံအားလည်း ကောင်းစွာ ဖြစ်ပေါ်နေပြီဖြစ်တဲ့အတွက် ရောဂါကူးစက်မှုကို ကောင်းစွာ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်မယ်ဆိုရင် ကာကွယ်ဆေးထိုးလို့ရမလား
လက်ရှိလုပ်ဆောင်ထားတဲ့ သုတေသနတွေအရတော့ ကာကွယ်ဆေးထိုးခြင်းဟာ ကိုယ်ဝန်ဆောင်ခြင်းအပေါ် သက်ရောက်မှုမရှိတာကို တွေ့ရပါတယ်။
ဒီအတွက် သုတေသီတွေက ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရေတိုနဲ့ရေရှည်ကာလဆိုပြီး ကာလနှစ်ပိုင်းခွဲခြားကာ လေ့လာမှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။
အထက်မှာဆိုခဲ့သလို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ကိုယ်ခံအားကိုသာ ထွက်ပေါ်အောင် လှုံ့ဆော်ပေးတာကြောင့် ကိုယ်ဝန်ဆောင်ခြင်းအတွက် ဘေးထွက်ဆိုးကျိုးမရှိစေပါဘူး။
ဒီအတွက်ကြောင့် မကြာခင်ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိတယ် ဒါမှမဟုတ် နောင်တစ်ချိန်မှာ ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိတယ် ဆိုရင်လည်း ကာကွယ်ဆေးကို စိတ်ချလက်ချထိုးလို့ ရပါတယ်။