ဘာစီလိုနာနည်းပြသစ် ဖြစ်လာမည့် ရော်နယ်ကိုးလ်မန်းနေရာ၌ ဆက်ခံရန် အာဆင်နယ်နည်းပြဟောင်း ဝင်းဂါး နယ်သာလန်ဘောလုံးအဖွဲ့ချုပ်နှင့် ချိတ်ဆက်နေ

အာဆင်နယ်အသင်းနည်းပြအဖြစ် ၂၂ နှစ်ကြာ တာဝန်ယူခဲ့ပြီး ၂၀၁၈ ခုနှစ် မေလက နည်းပြရာထူးမှ ထွက်ခဲ့သော အာစင်ဝင်းဂါးသည် ဘာစီလိုနာ နည်းပြဖြစ်လာရန် အလွန်နီးစပ်နေသော နယ်သာလန် လက်ရွေးစင် အသင်းနည်းပြ ရော်နယ်ကိုးလ်မန်းနေရာ၌ ဆက်ခံရန် နယ်သာလန် ဘောလုံးအဖွဲ့ချုပ်နှင့်   ချိတ်ဆက်နေကြောင်း နယ်သာလန် သတင်းရင်းမြစ်များစွာက ဖော်ပြနေကြသည်။

အသက် ၇၀ ရှိပြီဖြစ်သော ဝင်းဂါးသည် လက်ရှိတွင် ဖီဖာ၏ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးရေး အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသော်လည်း ပြီးခဲ့သည့်လက ဘောလုံးလောကသို့ နည်းပြအဖြစ် ပြန်လာနိုင်စရာရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် ယခု နယ်သာလန်လက်ရွေးစင်နည်းပြရာထူးကို လက်ခံရန် နယ်သာလန် ဘောလုံးအဖွဲ့ချုပ်နှင့် ချိတ်ဆက်နေခြင်းဖြစ်သည်။ Fox Sport အားကစားရုပ်သံအစီအစဉ်တင်ဆက်သူ ဗန်ဂန်ဂျယ်လန်က ဝင်းဂါးသည် ရော်နယ်ကိုးလ်မန်းနေရာ၌ ဆက်ခံရန် နယ်သာလန်ဘောလုံး အဖွဲ့ချုပ်နှင့် ဆွေးနွေးနေကြောင်း တင်ဆက်ခဲ့သည်။

နယ်သာလန်နည်းပြ ရော်နယ်ကိုးလ်မန်းသည် အသက်  ၅၇  နှစ်ရှိပြီဖြစ်ကာ  နယ်သာလန်လက်ရွေးစင်အသင်းကို လာမည့်နွေရာသီတွင် ကျင်းပမည့် ယူရိုပြိုင်ပွဲသို့ ခြေစစ်ပွဲအောင်စေရန် စွမ်းဆောင်ပေးနိုင်သကဲ့သို့ ယူအီးအက်ဖ်အေနေးရှင်းလိဂ်တွင်လည်း  ဗိုလ်လုပွဲအဆင့်သို့ တက်ရောက် နိုင်စေရန် လမ်းညွှန်ပေးနိုင်ခဲ့သူ ဖြစ်သည်။

ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်ကို ၈ ဂိုး-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဆီတီယန်ကို ရာထူးမှ ထုတ်ပယ်တော့မည်ဖြစ်ကာ ရော်နယ်ကိုးလ်မန်းကို အစားထိုးရန် ကမ်းလှမ်း ထားသည့်အတွက် ကိုးလ်မန်းသည် ဘာစီလိုနာနည်းပြသစ် ဖြစ်လာရန် သေချာသလောက်ရှိနေသည်။

ဝင်းဂါးသည် ပြီးခဲ့သည့်လက “ကျွန်တော့် တစ်ဘဝလုံး နေ့တိုင်းလုပ်လာခဲ့တဲ့ အလုပ်ဖြစ်တဲ့ လေ့ကျင့်မှုတွေကို နေ့တိုင်းပြန်လုပ်ချင်တာပေါ့။ အသက် ၇၀ အရွယ်မှာ ရရှိနိုင်ခဲ့တာတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော့်အသက်နဲ့ ကျန်း မာရေးအခြေအနေကိုတွက်ဆပြီး နည်းပြအလုပ်ပြန်လုပ်လို့ ဖြစ်နိုင်မလားလို့ မေးခွန်းပြန်ထုတ်မိတယ်။ ကျွန်တော်လုပ်နိုင်သေးတယ်လို့ပဲ ခံစားရတယ်”ဟု ပြောသည်။         

Ref:Foxsport