နှစ်သင်းတိုက်စစ်ချင်းယှဉ်လျှင် ဘိုင်ယန်အသာစီးရနိုင်

သြဂုတ် ၁၉ ရက်ညမှာ ၂၀၂၀-၂၀၂၁ ရာသီအတွက် ချန်ပီယံလိဂ် ပထမအဆင့်ခြေစစ်ပွဲတွေရှိသလို ၂၀၁၉-၂၀၂၀ ရာသီအတွက် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လိုင်ယွန်နဲ့  ဘိုင်ယန်တို့ပွဲလည်း ရှိနေပါတယ်။ ပထမအဆင့်ခြေစစ်ပွဲတွေက အသင်းငယ်တွေ နိုင်ငံငယ်တွေက အသင်းတွေဖြစ်လို့ မသုံးသပ်တော့ပါဘူး။ ဒီအချိန်မှာ ဘိုင်ယန်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်ပေမယ့် လိုင်ယွန်ဆိုတာလည်း မန်စီးတီးနဲ့ ဂျူဗင်တပ်စ်ကို အနိုင်ယူခဲ့တဲ့အသင်းဖြစ်လို့ အံ့သြစရာ ထပ်ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဘိုင်ယန်က နောက်ဆုံးကစားတဲ့ ပြိုင်ပွဲစုံ ၁၉ ပွဲစလုံး အနိုင်ကစားထားတဲ့ အသင်းဖြစ်ပြီး ဒီရာသီ ချန်ပီယံလိဂ်ကိုးပွဲစလုံးလည်း ရာနှုန်းပြည့်နိုင်ထားတယ်။ ဒီရာသီ ချန်ပီယံလိဂ်ပွဲတွေရဲ့ ၄၄ ရာခိုင်နှုန်းသောပွဲတွေမှာ ဘိုင်ယန်က သုံးဂိုးစီသွင်းနိုင်ခဲ့ပြီး တစ်ပွဲပျမ်းမျှပေးဂိုးကတော့ သုည ဒသမ ၈၉ ဂိုး နှုန်းသာရှိခဲ့လို့လည်း  ဗိုလ်စွဲဖို့  ရေပန်းအစားဆုံးအသင်းဖြစ်လာတာ မဆန်းပါဘူး။ ဒါပေမဲ့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းကောင်းလွန်းလှတဲ့  လိုင်ယွန်ရဲ့ကံဇာတာက လျှော့တွက်လို့ မရပါဘူး။ လိုင်ယွန်က အုပ်စုအဆင့်ကနေ တက်လှမ်းလာရာမှာ ဘင်ဖီကာနဲ့ ဇင်းနစ်တို့ထက် တစ်မှတ်သာ အသာရတဲ့ အနေအထားကနေ တက်လှမ်းလာတာဖြစ်ပေမယ့် နောက်ပိုင်းကစားတဲ့ ပွဲတွေမှာ ခြေစွမ်းကောင်းရခဲ့ပြီး ဂျူဗင်တပ်စ်နဲ့ မန်စီးတီးလို အသင်းတွေကို ဖြုတ်ချနိုင်ခဲ့လို့ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီ

နောက်ပိုင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် အဆင့်ကို ပထမဆုံးအကြိမ် ပြန်လည် တက်လှမ်းလာနိုင်ခဲ့တယ်။ လိုင်ယွန်တိုက်စစ်မှာ ဒီပေးနဲ့  မူဆာဒမ်ဘီလီတို့  ဂိုးသွင်းနှုန်းကောင်းနေပြီး ဒီရာသီ ချန်ပီယံလိဂ်ကိုးပွဲမှာ ရှစ်ပွဲ၊ ပြိုင်ပွဲစုံ နောက်ဆုံး ၂၂ ပွဲမှာ ၁၉ ပွဲဂိုးသွင်းနိုင်ခဲ့လို့ ဘိုင်ယန်ဘက်ကိုလည်း ဂိုးသွင်းနိုင်လောက်တယ်လို့ ခန့်မှန်းမိပါတယ်။

ဘိုင်ယန်က ဘာစီလိုနာလိုအသင်းကို ကွာတားဖိုင်နယ်မှာ ၈ ဂိုး-၂ ဂိုးနဲ့ ဂိုးပြတ်နိုင်ပြီး ဒီရာသီ ချန်ပီယံလိဂ်ပွဲတွေမှာ တစ်ပွဲ ၄ ဒသမ ၃၃ ဂိုးနှုန်းသွင်းခဲ့တယ်။ တိုက်စစ်မှူးလီဝန်ဒေါစကီးက ဒီရာသီ ဘိုင်ယန်အတွက် ၄၅ ပွဲကစားပေးရာမှာ ၅၅  ဂိုး၊  ချန်ပီယံလိဂ်ရှစ်ပွဲမှာ  ၁၄  ဂိုးအထိသွင်းခဲ့သလို ဂနာဘရီကလည်း ချန်ပီယံလိဂ်ရှစ်ပွဲမှာ ခုနစ်ဂိုးသွင်းပြီး တစ်ရာသီလုံး ဘိုင်ယန်အတွက် ၄၄ ပွဲကစားရာမှာ ၂၁ ဂိုးသွင်းပေးနိုင်လို့ ဘိုင်ယန်တိုက်စစ်က အများကြီး ပိုကောင်းနေတယ်။ ဒီပွဲမှာ ဘိုင်ယန်ဂိုးပြတ်နိုင်ဖို့ သိပ်မခက်သလို လိုင်ယွန်လည်း ဂိုးရနိုင်လို့ သွင်းဂိုးတွေကို မြင်ရမှာပါ။