တရုတ်နှင့်အိန္ဒိယ၌ ကာကွယ်ဆေးထိုးမှု ၂၀၂၂ ခုနှစ်နှောင်းပိုင်းအထိ ကြာမြင့်နိုင်၊ ဆင်းရဲသော နိုင်ငံများ ၂၀၂၃ ခုနှစ်အထိ ကာကွယ်ဆေး မရနိုင်

တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၌ လူဦးရေ အင်မတန်များပြားမှုကြောင့် ထိုနိုင်ငံများ၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးလုပ်ငန်း သည် ၂၀၂၂ ခုနှစ်နှောင်းပိုင်းအထိတိုင် ကြာမြင့်နိုင်ကြောင်း ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်သော  လေ့လာမှုတစ်ရပ်အရ သိရသည်။

ထို့ပြင် ဆင်းရဲသောနိုင်ငံ ၈၅ နိုင်ငံ ကျော်အနေဖြင့် ၂၀၂၃ ခုနှစ်အထိ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကို အပြည့်အဝ ရရှိနိုင်မည် မဟုတ်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။

ဖွံ့ဖြိုးဆဲနိုင်ငံ အများစုအနေဖြင့်လည်း ၂၀၂၃ ခုနှစ်မတိုင်မီအထိ ကာကွယ်ဆေးများကို  အမြောက်အမြားရရှိနိုင်ဦးမည် မဟုတ်ကြောင်း စီးပွားရေး ပညာရှင်တစ်ဦး ဖြစ်သည့် အေဂတ်ဒီမာရေ့က ပြောသည်။

အလားတူ အာဖရိကဒေသရှိ  နိုင်ငံအများစုအနေဖြင့် ၂၀၂၃ ခုနှစ်အစောပိုင်း အထိတိုင်  ကာကွယ်ဆေးထိုးလုပ်ငန်းကို ကျယ်ပြန့်စွာ ပြုလုပ်နိုင်မည့် အလားအလာမရှိကြောင်းနှင့် အာရှနိုင်ငံအများအပြားကမူ ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ကာကွယ်ဆေး အလုံအလောက်ရရှိနိုင်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ လျင်မြန်စွာ ထုတ်လုပ်နိုင်မှုသည် တစ်နှစ်ကြာ ဖြစ်ပွားနေသောထိုရောဂါကို အဆုံးသတ်တော့မည်ဟူသော   မျှော်လင့်ချက်များ မြင့်တက်နေစဉ် ချမ်းသာသောနိုင်ငံများနှင့် ကာကွယ်ဆေး ထုတ်လုပ်ရေး  ကုမ္ပဏီများကြား များပြားလှသော တစ်ဖက်သတ်သဘော တူစာချုပ်များနှင့် ထုတ်လုပ်ရေးပြဿနာများ ကြောင့် ကာကွယ်ဆေးညီမျှစွာမရရှိမှုနှင့် ပတ်သက်၍  စိုးရိမ်မှုများကို မြင့်တက်စေသည်။

အမေရိကန် အစိုးရအနေဖြင့် နွေရာသီတွင် မိုဒါနာအပါအဝင် ဖိုင်ဇာနှင့်ဘိုင်အို အန်တက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သန်း ၂၀၀ ထပ်မံရရှိမည်ဟု မျှော်မှန်းရကြောင်း သမ္မတဂျိုးဘိုင်ဒင်က ဇန်နဝါရီ ၂၆ ရက်တွင်ပြောသည်။

ထို့ပြင် ဥရောပ၌ အက်စထရာဇီနီကာ ကုမ္ပဏီ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပေးပို့ရာတွင် နှောင့်နှေးမှုများနှင့် အခြား ထောက်ပံ့ရေးပြဿနာများကြောင့် စိတ်ပျက်ဖွယ်ဖြစ်နေစဉ် ဥရောပကော်မရှင်က ကာကွယ်ဆေးတင်ပို့မှုများကို ကန့်သတ်ရန် အဆိုပြုချက် တင်သွင်းထားသည်။

Ref: TST