ဗီဇပြောင်းဗိုင်းရပ်များနဲ့ ကာကွယ်ဆေးအပေါ် စိုးရိမ်မှုများ

ဟိုနေရာမှာ ဗီဇပြောင်းနိုဗယ်ကိုရိုနာဗိုင်းရပ်တွေ့ပြန်ပြီ၊ ဒီနေရာမှာ ဗီဇပြောင်းနိုဗယ်ကိုရိုနာဗိုင်းရပ် တွေ့ပြန်ပြီ စတဲ့ ဗီဇပြောင်းဗိုင်းရပ်တွေ့ရှိမှု သတင်းတွေက မကြာခဏဆိုသလို ကြားနေမြင်နေ သိနေရပါတယ်။

အခုနောက်ပိုင်းမှာမှ   ပထမဆုံးတွေ့ရှိတဲ့ ဗီဇပြောင်းဗိုင်းရပ်က ဗြိတိန်နိုင်ငံမှဖြစ်ပါတယ်။ ပြီးတဲ့အခါ တောင်အာဖရိကမှ ဗီဇပြောင်းဗိုင်းရပ်နောက်တစ်မျိုးတွေ့ရပါတယ်။ ဒါ့အပြင် ဘရာဇီးနဲ့ ဒိန်းမတ်နိုင်ငံတို့မှာလည်း အလားတူ ဗီဇပြောင်းဗိုင်းရပ်ကိုတွေ့ရပါတယ်။

ဗီဇပြောင်းဗိုင်းရပ်တွေဟာ စောစောစီးစီးပေါ်ရင်အကြောင်း မဟုတ်ပေမယ့် တကယ်တမ်းကာကွယ်ဆေးတွေ ထိုးတော့မယ်ဆိုတဲ့ အချိန်ကျမှ ပေါ်လာတာကြတော့ အကြောင်းဖြစ်သွားပါပြီ။

ဘယ်လိုအကြောင်းလဲဆိုတော့ အခုဖော်စပ်ထားတဲ့ ကာကွယ်ဆေးတွေက ဗီဇပြောင်းဗိုင်းရပ်တွေကို ကာကွယ်နိုင်ပါ့ မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေပါပဲ။

အဲဒီအတွက် သုတေသန ပညာရှင်တွေက စမ်းသပ်လေ့လာမှုတွေကို  ချက်ချင်းပဲလုပ်ဆောင်လိုက်ရာမှာ လူတွေ   မနောခွေ့စေမယ့် ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လိုက်နိုင်ပါတယ်။

သူတို့ရဲ့ထုတ်ပြန်ချက်မှာတော့ လူတွေအနေနဲ့ ဗီဇပြောင်းဗိုင်းရပ်ကို အစိုးရိမ်မလွန်ဘဲ ကာကွယ်ဆေးတွေကလည်း အဲဒီဗိုင်းရပ်တွေကိုကာကွယ်နိုင်လိမ့်မယ်ဆိုပြီး ဖော်ပြထားပါတယ်။

ဒါပေမဲ့ သုတေသနနှစ်ခုကတော့ အဲဒီလိုမဟုတ်ပါဘူး။     တချို့သော ဗီဇပြောင်းဗိုင်းရပ်တွေဟာ လူ့ကိုယ်ခံအားစနစ်ကို မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေ ပေးနိုင်တယ်လို့ ဆိုလာပါတယ်။

ဘယ်လောက်အထိဆိုးလဲဆိုရင် ကာကွယ်ဆေး ထိုးထားရင်တောင်မှ  တချို့ဗီဇပြောင်းဗိုင်းရပ်တွေက ကိုယ်ခံအားစနစ်ကို မမှုဘူးဆိုတဲ့အထိ ဆိုးတယ်လို့ ဆိုထားပါတယ်။

ဒီသုတေသနနှစ်ခုကိုတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ထားတာမဟုတ်ဘဲ ရောဂါပိုးရှိသူရဲ့ သွေးနမူနာတွေနဲ့ စမ်းသပ်လေ့လာထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တတ်သိနားလည်သူတွေရဲ့   အပြန်အလှန် စစ်ဆေးမေးမြန်းမှုကိုလည်း မခံထားရပါဘူး။

သို့ပေမယ့်လည်း    ဒီသုတေသနနှစ်ခုကို ဖတ်ရှုလေ့လာဖူးတဲ့ ကျွမ်းကျင်သူတွေကတော့ ဒီတွေ့ရှိချက်ဟာ စိုးရိမ်စရာ ကောင်းတဲ့ အလားအလာနှစ်ခုကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

ပထမတစ်ခုကတော့ ပထမတစ်ကြိမ်ရောဂါဖြစ်ဖူး သူတွေဟာ ဆိုးဆိုးရွားရွားမဖြစ်ဘူးဆိုရင် ဗီဇပြောင်းဗိုင်းရပ်ရဲ့ ထပ်မံကူးစက်ခံရနိုင်ခြေ ရှိပါတယ်။

ဒုတိယတစ်ခုကတော့ ကာကွယ်ဆေးတွေဟာ ဗီဇပြောင်းဗိုင်းရပ်တွေအပေါ် အာနိသင်သက်ရောက်မှု နည်းပါးနိုင်တယ် ဆိုတဲ့ အလွန်စိုးရိမ်ဖွယ်ရာကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်ထားတဲ့   ကာကွယ်ဆေးတွေကတော့ နိုဗယ်ကိုရိုနာဗိုင်းရပ်ကို ထိထိရောက်ရောက် ဟန့်တား ကာကွယ်နိုင်တဲ့အတွက်   လူတွေအနေနဲ့ ကာကွယ်ဆေးထိုးမှုကို ခံယူသင့်တယ်လို့ သုတေသနနှစ်ခုထဲက တစ်ခုကို ဦးဆောင်ပြုလုပ်တဲ့ ရော့ဖဲလားတက္ကသိုလ်မှ ကိုယ်ခံအားပညာရှင် ဒေါက်တာမီရှဲနက်ဆန်စဝေ့က ပြောပါတယ်။

ဒါပေမဲ့ ဗီဇပြောင်းဗိုင်းရပ်ကတော့   ကာကွယ်ဆေးရဲ့ အာနိသင်တွေကိုကျော်လွှားနိုင်စွမ်းရှိနိုင်ပြီး ကူးစက်ခံရသူအနေနဲ့  ကူးစက်ခံထားရမှန်းတောင် မသိစေတဲ့အထိ ဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

တကယ်လို့များ ဗီဇပြောင်းဗိုင်းရပ်ကူးစက်ခံထားရသူဟာ   ကာကွယ်ဆေးမထိုးထားတဲ့ သူတွေဆီကို ရောဂါပိုးတွေ ပျံ့နှံ့နိုင်စေတုန်းပဲဆိုရင် ဒီဗိုင်းရပ်ဟာ ဘယ်တော့မှပျောက်မှာ မဟုတ်တဲ့ အခြေအနေဖြစ်သွား နိုင်တယ်လို့ အဲဒီဆရာဝန်ကဆိုပါတယ်။

ဒီလေ့လာမှုအတွက် ဒေါက်တာမီရှဲနက်ဆန်စဝေ့နဲ့ အဖွဲ့ဟာ ကာကွယ်ဆေးထိုးမှုခံယူထားသူ ၁၄ ဦးဆီကနေ သွေးနမူနာတွေကို ရယူအသုံးပြုခဲ့ပါတယ်။

အဲဒီသွေးနမူနာတွေကို ဖန်တီးထားတဲ့ဗိုင်းရပ်နဲ့ ထိတွေ့စေလိုက်တဲ့ အခါမှာတော့ ပဋိပစ္စည်းရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ အနည်းငယ် ကျဆင်းသွားတာကို တွေ့ရပါတယ်။

ဖန်တီးထားတဲ့ဗိုင်းရပ်ဆိုတာကတော့ တောင်အာဖရိကနိုင်ငံမှာတွေ့ရတဲ့    ဗီဇပြောင်းဗိုင်းရပ်ရဲ့ ပြောင်းလဲသွားတဲ့ ဗီဇသုံးမျိုးကို ထည့်သွင်းထားတာပါ။

ဒါကြောင့် တောင်အာဖရိကမှာတွေ့ရှိရတဲ့ ဗီဇပြောင်းဗိုင်းရပ်ဟာ သဘာဝအလျောက်ဖြစ်ပေါ်တဲ့ ကိုယ်ခံအားနဲ့ နာမည်ကျော် ကာကွယ်ဆေးတချို့ကြောင့် ထွက်ပေါ်လာတဲ့ ကိုယ်ခံအားကို အထိုက်အလျောက် ခံနိုင်ရည်ရှိနေတယ်လို့ ဒေါက်တာမီရှဲနက်ဆန်စဝေ့အဖွဲ့ရဲ့ သုတေသန ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

နောက်ထပ်သုတေသနတစ်ခုကိုတော့  တောင်အာဖရိကမှ  သိပ္ပံပညာရှင်များက လုပ်ဆောင်တာပါ။

သူတို့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက် နေပြန်ကောင်းလာတဲ့လူ ၄၄ ဦးထဲကမှ ၂၁ ဦးရဲ့ သွေးရည်ကြည် နမူနာတွေနဲ့ စမ်းသပ်တာ ဖြစ်ပါတယ်။

ဒီလိုစမ်းသပ်တဲ့ အခါမှာ အဲဒီသွေးရည်ကြည်တွေက ဗီဇပြောင်းဗိုင်းရပ်ကို  ချေမှုန်းနိုင်စွမ်း မရှိဘူးဆိုတာကို တွေ့လိုက်ရတယ်လို့ တောင်အာဖရိကသိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဒါပေမဲ့ ဆေးရုံတက်ရောက် ကုသမှုခံယူနေတဲ့ သူတွေဆီကနေ ရယူလာတဲ့ ဗီဇပြောင်းဗိုင်းရပ် နမူနာတွေကိုတော့ အဲဒီသွေးရည်ကြည်တွေက ကောင်းကောင်းကြီးကို ချေမှုန်းလိုက်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။

ရောဂါနုသူတွေထက် အဲဒီလူနာတွေမှာ ဗိုင်းရပ်ကို ကောင်းစွာတိုက်ဖျက်နိုင်တဲ့ ပဋိပစ္စည်းပမာဏအများအပြား ရှိနေတာကို တွေ့ရတယ်လို့   သုတေသနကို ဦးဆောင်ပြုလုပ်တဲ့ တောင်အာဖရိကကူးစက်ရောဂါ များဆိုင်ရာ အမျိုးသားအဖွဲ့အစည်းမှ ဒေါက်တာပန်နီမိုးက ပြောပါတယ်။

လူအများအပြားမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရပြီ ဆိုတာနဲ့ ပြင်းထန်တဲ့ ကိုယ်ခံအားတုံ့ပြန်မှုကို ထွက်ပေါ်စေပါတယ်။ ကာကွယ်ဆေး များသည်လည်း အလားတူ ကိုယ်ခံအားကိုဖြစ်ပေါ်စေပါတယ်။

တချို့ကာကွယ်ဆေးတွေဆိုရင် ပုံမှန်အတိုင်း ရောဂါကူးစက်မှုကြောင့် ဖြစ်ပေါ်တဲ့ရောဂါ တိုက်ဖျက်ရေးပဋိပစ္စည်း အရေအတွက်ထက် ပိုမိုများပြားတဲ့ ပမာဏကို ထုတ်ပေးနိုင်ပါတယ်။

တကယ်လို့များ ပဋိပစ္စည်းရဲ့ သက်ရောက်မှုက ဆယ်ဆအထ ိလျော့ကျသွားသည့်တိုင် ကာကွယ်ဆေးတွေဆိုတာ ဗိုင်းရပ်ကူးစက်မှုကို အထိုက်အလျောက် ကာကွယ်ပေးနေဦးမှာ ဖြစ်တယ်လို့ ဆီယက်တဲပြည်နယ် ဖရတ်ဟတ်ချင်ဆန်     ကင်ဆာသုတေသနဌာနမှ ဒေါက်တာဂျက်ဆီဘလွမ်းက ပြောပါတယ်။

ရောဂါကူးစက်မှုကနေ  ကာကွယ်ပေးဖို့အတွက် ရောဂါပိုးကိုတိုက်ဖျက်တဲ့ ပဋိပစ္စည်းတွေက အဓိကအရေးပါတဲ့ အရာတွေ ဖြစ်ပါတယ်။

အကယ်၍ ဗီဇပြောင်းဗိုင်းရပ်က ရောဂါပိုးကို တိုက်ဖျက်တဲ့ ပဋိပစ္စည်းတွေကို ကျော်လွှားသွားနိုင်သည့်တိုင် ကိုယ်ခံအားစနစ်ရှိ ဗိုင်းရပ်ကို မှတ်သားသိရှိထားတဲ့ ကလာပ်စည်းတချို့ကတော့    ဗီဇပြောင်းဗိုင်းရပ် ကူးစက်ခံရသူ အနေနဲ့ ရောဂါမပြင်းထန်စေဖို့ ကူညီပေးနိုင်ပါတယ်။

ဗိုင်းရပ်ဟူသည်    ဗီဇပြောင်းလေ့ရှိတဲ့အတွက် အခုလိုမျိုး ဗီဇပြောင်းဗိုင်းရပ်တွေ ပေါ်လာတာဟာ သိပ်တော့ အထူးအဆန်း မဟုတ်ပါဘူး။ စိုးရိမ်စရာရှိတာက ပြင်းထန်မှုအပိုင်းပါပဲ။

ပြင်းထန်မှုအပိုင်းဆိုတာကလည်း ဗီဇပြောင်းဗိုင်းရပ်က ကိုယ်ခံအားစနစ်ကို ဘယ်လိုမျိုးကျော်လွှား သွားနိုင်တယ် ဆိုတာကို အသေးစိတ်သိရှိရဖို့ လိုအပ်ပါတယ်။

အခုအချိန်ထိတော့ ဗီဇပြောင်းဗိုင်းရပ်တွေဟာ အရမ်းကြီးစိုးရိမ်စရာ ကောင်းတဲ့၊ ကာကွယ်ဆေးမတိုးတဲ့ အခြေအနေမျိုး မဟုတ်သေးတာကို သိပ္ပံပညာရှင်အများအပြားက လက်ခံထားပါတယ်။

ဒါကြောင့် ကာကွယ်ဆေးတွေက ဗီဇပြောင်းဗိုင်းရပ်တွေကို ကာကွယ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေအတွက် တစ်ခုတည်းသော အဖြေကတော့ အစိုးရိမ်မလွန်ဖို့ပဲ ပြောချင်ပါတယ်။

ကာကွယ်ဆေးများသည် ကောင်းမွန်တဲ့နည်းလမ်းအမျိုးမျိုးနဲ့ စမ်းသပ်ဖော်စပ်ထားတာဖြစ်တဲ့အတွက် အရမ်းကြီးယုံမှား သံသယဖြစ်စရာတော့ မရှိပါဘူး။

ဒီအတွက်ကြောင့် လုပ်ရမယ့် တစ်ခုတည်းသောအရာက ကာကွယ်ဆေးထိုးခွင့် ရလာပြီဆိုရင် ကာကွယ်ဆေးကို ထိုးလိုက်ပါ။ ဒါကအကောင်းဆုံးသော ရွေးချယ်မှုပါပဲ။

ကိုယ်က ဘယ်လိုဗိုင်းရပ်အမျိုးအစား ကူးစက်ခံရမလဲ၊ ကူးစက်ခံထားရလဲ ဆိုတာကို ကိုယ်တိုင်မသိနိုင်တဲ့အတွက် ဒီလိုကာကွယ်ဆေး ထိုးလိုက်ခြင်းအားဖြင့် ဗီဇပြောင်းဗိုင်းရပ် မဟုတ်သည့်တိုင် မူလဗိုင်းရပ်ကိုတော့ ထိရောက်စွာ ကာကွယ်နိုင်ပါလိမ့်မယ်။

တကယ်လို့ ဗီဇပြောင်းဗိုင်းရပ်ကူးစက်ခံရရင်လည်း ရောဂါမပြင်းထန်အောင် ကူညီပေးပါလိမ့်မယ်။ နောက်ပိုင်းမှာဆိုရင်   လူ့ရဲ့ကိုယ်ခံအားစနစ်က   ဗီဇပြောင်းဗိုင်းရပ်ကို မှတ်သားသိရှိပြီး နောက်တစ်ကြိမ်ကူးစက်မခံရအောင် ကာကွယ်ပေး နိုင်တဲ့အထိ ဖြစ်လာပါလိမ့်မယ်။

လက်ရှိ ကာကွယ်ဆေးမထိုးရသေးတဲ့ အခြေအနေမှာတော့   ကိုယ့်ကိုဘယ်လိုဗိုင်းရပ်မှ မကူးစက်နိုင်စေဖို့ ကြိုတင်ကာကွယ်မှုတွေ လုပ်ပြီး စနစ်တကျ နေထိုင်ခြင်းကသာ ကိုယ့်အတွက်သာမက ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ ဘေးကင်းမှာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။             

 Source: NY Times