ဖီဖာဘောလုံး ဥပဒေသစ်များကို ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ကျင်းပမည့် MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲမတိုင်မီ အသစ်ပြင်ဆင်ပြဋ္ဌာန်းထားသော ဖီဖာဥပဒေသစ်များအား ရှင်းလင်း ဆွေးနွေးခြင်း အစီအစဉ်ကို သြဂုတ် ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲသို့   မြန်မာနေရှင်နယ်လိဂ်ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊  စီမံခန့်ခွဲရေးအရာရှိချုပ်  ဦးဆူးအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်   ဆေးမှူးချုပ်   ဒေါက်တာအောင်ကျော်ဦး၊ မြန်မာ့လက်ရွေးစင်အသင်းများ ဒါရိုက်တာဦးထွန်းထွန်းအောင်နှင့် တာဝန်ရှိသူများ၊ ကလပ်အသင်းများမှ နည်းပြချုပ်များနှင့် ကစားသမားများ တက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားကို  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က   အသစ်ပြင်ဆင်ထားသော ဘောလုံးဥပဒေသစ်များကို ကစားသမားများ ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာနမှ ဒိုင်ကြီးကြပ်များ ဖြစ်သည့် ဦးခင်မောင်သန်းနှင့် ဦးလှတင့်တို့က  ပရိုဂျက်တာဖြင့်  အသေးစိတ် ရှင်းလင်းပြသခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒိုင်ဌာနဒါရိုက်တာ ဦးလှမင်းက ပြင်ဆင်ထားသည့်  ဖီဖာဥပဒေသစ်များနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း ပြောကြားကာ တက်ရောက်လာသည့်   နည်းပြများနှင့် ကစားသမားများ၏ သိရှိလိုသည့် အချက်အလက်များကို ပြန်လည်ဆွေးနွေး ဖြေကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုရဲ