ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအောက်ရှိ သူနာပြုသားဖွားသင်တန်း ကျောင်းများ၌ ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်အတွက် သူနာပြုသားဖွား ဒီပလိုမာ သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ သင်တန်းများကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းတက် ရောက်မည့် သူများကို အဆိုပါဝန်ကြီး ဌာနက တစ်လလျှင် ငွေကျပ်သုံးသောင်း ထောက်ပံ့ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းများကို ၂ဝ၂ဝ ပြည့်နှစ်မတိုင်မီ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများသာ လျှောက်ထားနိုင်ပြီး ၂ဝ၂ဝ ပြည့်နှစ် မတ်လတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအောင်မြင်သူများ လျှောက်ထား၍ မရကြောင်း သိရသည်။
သင်တန်း တက်ရောက်မည့်သူများကို တက္ကသိုလ်ဝင် စာမေးပွဲအောင်ရမှတ်များမှ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ သုံးဘာသာ ရမှတ်ပေါင်းပေါ်မူတည်၍ ရွေးချယ်မည် ဖြစ်သည်။
လျှောက်လွှာများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများ၌ ရယူကာ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ ၂၈ ရက်ထက် နောက်မကျဘဲ လျှောက်ထားနိုင်ကြောင်း သိရသည်။
သို့သော် သင်တန်းကာလအတွင်း ပျက်ကွက်လျှင်ဖြစ်စေ၊ သင်တန်းစည်းကမ်းများကို ချိုးဖောက်လျှင်ဖြစ်စေ သူနာပြုသားဖွား ဒီပလိုမာသုံးနှစ် သင်တန်းအတွက် ငွေကျပ် ရှစ်သိန်းတိတိ၊ ဘက်စုံသားဖွား ဒီပလိုမာ နှစ်နှစ်သင်တန်းအတွက် ငွေကျပ် သုံးသိန်းတိတိ ပေး လျော်နိုင်သူ ဖြစ်ရမည်ဖြစ်သည်။
သင်တန်းအောင်မြင်ပြီး (အမှတ်ဖြင့် အထူးကိစ္စရပ်ဖြင့် ရွေးချယ်)သူများကို နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ပါက မည်သည့်ဒေသတွင်မဆို လိုအပ်ချက်ရှိသော တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ အနည်းဆုံးသုံးနှစ် မပျက်မကွက် တာဝန် ထမ်းဆောင်နိုင်သူဖြစ် ရမည်ဖြစ်သည်။
သင်တန်း တက်ရောက်ခွင့် ရရှိပါက သင်တန်းကျောင်း၏ ကျန်းမာရေး စစ်ဆေးရေး ကော်မတီမှ ကျန်းမာရေး ထပ်မံစစ်ဆေးမည်ဖြစ်ပြီး ဆေးစစ်ချက်အောင်မြင်မှသာ သင်တန်းတက်ရောက်ခွင့် အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။