နယူးဇီလန်က ပို့ဆောင်ရေးကဏ္ဍ၌ ကာဗွန် ကင်းစင်ရေး ပြုလုပ်မည်

နယူးဇီလန် အစိုးရအနေဖြင့်  ၂၀၃၅ ခုနှစ်အရောက်တွင် ပို့ဆောင်ရေးကဏ္ဍ၌ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်စေရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့်  ကာဗွန်ထုတ်လွှတ်မှုနှင့် လောင်စာဆီ ကုန်ကျစရိတ်ကို ဖြတ်တောက်နိုင်ရေးအတွက် ကာဗွန်ထုတ်လွှတ်မှု မရှိသောကားများ တင်သွင်းရန် ယခုနှစ်တွင် ဥပဒေပြဋ္ဌာန်းမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်းက ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် အစိုးရအနေဖြင့် ပို့ဆောင်ရေးကဏ္ဍတွင်   ကာဗွန်ထုတ်လွှတ်မှုနည်းသည့် ဇီဝလောင်စာများအသုံးပြုရေးနှင့် ၂၀၂၅ ခုနှစ်မှစ၍  ကာဗွန်ထုတ်လွှတ်မှုမရှိသော ဘတ်စကားများဝယ်ရန် အမိန့်ထုတ်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရာသီဥတုပြောင်းလဲရေးကို   ကိုင်တွယ်ဖြေရှင်းခြင်းသည် အစိုးရ၏ ထိပ်တန်းဦးစားပေးဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါမှ နာလန်ထူရေး အစီအစဉ်၏  ပင်မအစိတ်အပိုင်းဖြစ်ကြောင်း၊ တစ်ဖက်တွင် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချစဉ် တစ်ဖက်တွင် အလုပ်အကိုင်များနှင့်   စီးပွားရေးအခွင့်အလမ်းများကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းသည် ရာသီဥတုနှင့် စီးပွားရေးတွင် မျှတမှုရှိသောအခြေအနေဖြစ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

၂၀၄၀ ပြည့်နှစ်အရောက်တွင် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု တန် ၃ သန်းအထိကို လျှော့ချနိုင်ရေးအတွက်   ပြည်သူများအနေဖြင့် ကာဗွန်ထုတ်လွှတ်မှု ကင်းသောကားများ အသုံးပြုလာရန် စည်းရုံးဆွဲဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နယူးဇီလန်နိုင်ငံသည် ပြီးခဲ့သည့်လတွင် ရာသီဥတုပြောင်းလဲမှု   အရေးပေါ် အခြေအနေကို ကြေညာပြီး  ပြည်သူပိုင်ပို့ဆောင်ရေးကဏ္ဍသည် ၂၀၂၅ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှု ကင်းစင်သည့်ကဏ္ဍဖြစ်စေရေး ကတိပြုထားသည်။

Ref: TST