အမေရိကန်၌ နှင်းမုန်တိုင်းကျမှုကြောင့် ဆေးအဖွဲ့က လမ်းပေါ်မှာပင် ကာကွယ်ဆေးထိုးပေးရ

အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လိုက်လံထိုးပေးသည့် ဆေးအဖွဲ့တစ်ဖွဲ့သည်  အော်ရီဂွန်ပြည်နယ်ရှိ ကျေးလက်ဒေသဖြစ်သော ကေ့ဂျန်းရှင်းမှ ကာကွယ်ဆေးထိုးပေးပြီးနောက် ဂရင်းပတ်ဒေသသို့ သွားစဉ်   နှင်းမုန်တိုင်း ကျသဖြင့် အဝေးပြေးလမ်းမ၌ ပိတ်မိနေသည့်အတွက် လမ်းမပေါ်၌ပင်  ကာကွယ်ဆေးထိုးမှုများ လုပ်ခဲ့ရကြောင်း သိရသည်။

ဆေးအဖွဲ့လက်တွင်းရှိ မိုဒါနာကုမ္ပဏီထုတ်ကာကွယ်ဆေးများသည် ၆ နာရီသာ သက်တမ်းကျန်ရှိတော့ပြီး ၆ နာရီကျော်သွားပါက    သက်တမ်းလွန်သွားမည်ဖြစ်သည်။

ကေ့ဂျန်းရှင်းမှဂရင်းပတ်သို့သွားရာလမ်းသည် ၄၈ ကီလိုမီတာသာကွာဝေးပြီး ပုံမှန်အားဖြင့် ၄၅ မိနစ်သာကြာမြင့်သော်လည်း ဆေးအဖွဲ့မှာ နှင်းမုန်တိုင်းကြောင့် လမ်းပိတ်နေသည့်အတွက် အချိန်မည်မျှကြာမည်ကို ခန့်မှန်း၍မရသည့်အတွက်   အကြောင်းမဲ့သက်တမ်းကုန်သွားမည့် ကာကွယ်ဆေးများကို   မုန်တိုင်းအတွင်း ပိတ်မိနေသူများထံ ထိုးနှံပေးခြင်း ဖြစ်သည်။

ဆန္ဒရှိသူများအနေဖြင့် ကာကွယ်ဆေးထိုးနိုင်ကြောင်း ဆေးအဖွဲ့က ကားတစ်စီးပြီး တစ်စီးလိုက်လံမေးစဉ် ယာဉ်မောင်းတစ်ဦးက ပျော်ပျော်ရွှင်ရွှင်ဖြင့် ကာကွယ်ဆေးထိုးမှုကို ခံယူကြောင်း သိရသည်။

အများစုကမူ ယဉ်ကျေးစွာငြင်းဆိုကြပြီး နောက်ဆုံးတွင် ပါလာသည့် ကာကွယ်ဆေးခြောက်လုံးစလုံးကို ဆန္ဒရှိသူများထံ ထိုးပေးလိုက်နိုင်သည်။

ယခုကဲ့သို့  လမ်း၌ကာကွယ်ဆေးထိုးခြင်းသည်    အစီအစဉ်မကျသော်လည်း ပထမဆုံးစည်းမျဉ်းဖြစ်သော  မည်သည့် ကာကွယ်ဆေးမျှ အလဟဿမဖြစ်စေရေး ဟူသည့် စည်းမျဉ်းအတိုင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဆေးအဖွဲ့မှ တာဝန်ရှိသူဖြစ်သည့် မိုက်ကယ်ဝီဘာက ပြောသည်။

 Ref: TST