AFC Cup အာဆီယံဇုန် လက်ကျန်ပွဲစဉ်များကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းပေးရန် အာရှဘောလုံး အဖွဲ့ချုပ်ထံ တင်ပြထား

စက်တင်ဘာလအတွင်း   ကျင်းပမည့် AFC Cup အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲစဉ်များကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းပေးရန် အာရှဘောလုံးအဖွဲ့ချုပ်ထံ တင်ပြထားကြောင်း   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)မှ သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲစဉ်များကို စက်တင်ဘာ ၂၃ ရက်၊ ၂၆ ရက်နှင့် ၂၉ ရက်တို့တွင် ကျင်းပရန် သတ်မှတ်ထားပြီး COVID-19   ရောဂါအခြေအနေကြောင့်   မြန်မာကလပ်အသင်းနှစ်သင်း ယှဉ်ပြိုင်ရန် အခက်အခဲရှိသဖြင့် ရွှေ့ဆိုင်းပေးရန် တင်ပြထားခြင်း ဖြစ်သည်။

“လက်ရှိ      ကျွန်တော်တို့နိုင်ငံအနေအထားအရ  ပြည်ဝင်ခွင့်၊  ထွက်ခွင့်တွေလည်း မလွယ်သေးဘူး။ ဒီမှာ အိမ်ရှင်အဖြစ်

ကျင်းပဖို့ခက်ခဲသလို  တခြားနိုင်ငံတွေမှာ သွားရောက်ယှဉ်ပြိုင်ဖို့လည်း အခက်အခဲရှိနေတယ်။ ဒါကြောင့် AFC Cup ကို တစ်နှစ်နောက်ဆုတ်ပြီး  ၂၀၂၁  ခုနှစ်မှာ ကျင်းပဖို့ အာရှဘောလုံးအဖွဲ့ချုပ်ကို တင်ပြထားတယ်။ သူတို့က တခြားပြိုင်ပွဲဝင်နိုင်ငံတွေရဲ့ သဘောထားကိုမေးပြီး အကြောင်းပြန်ပေးမယ်ပြောပါတယ်”ဟု  MFF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ် AFC Cup အာဆီယံဇုန်၌ မြန်မာကလပ်အသင်းများဖြစ်သည့် ရှမ်းယူနိုက်တက်နှင့်    ရန်ကုန်ယူနိုက်တက် အသင်းတို့    ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည်  AFC Cup အာဆီယံဇုန်  အုပ်စုသုံးခုအနက် ရန်ကုန်ယူနိုက်တက်အသင်း ပါဝင်သည့် အုပ်စု(စ)နှင့် (ဆ)ကို ဗီယက်နမ်နိုင်ငံ၌ ကျင်းပရန် ထုတ်ပြန်ထားသော်လည်း ရှမ်းယူနိုက်တက်အသင်း ပါဝင်သည့်  အုပ်စု(ဇ)ကို ကျင်းပမည့်နိုင်ငံ အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။ ယခုနှစ် AFC Cup ပြိုင်ပွဲကို ယခင် နှစ်ကျော့ စနစ်အစား ခရီးသွားလာမှု နည်းပါးစေရေး သင့်လျော်သည့် အိမ်ရှင်နိုင်ငံတစ်နိုင်ငံစီ ရွေးချယ်၍ ကျင်းပရန် အာရှဘောလုံး အဖွဲ့ချုပ်က ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup အာဆီယံဇုန် အုပ်စု(စ)၌ စင်ကာပူကလပ် ဟိုဂန်၊ ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီး၊ လာအိုကလပ် လာအိုတိုယိုတာအသင်းတို့နှင့် ကျရောက်နေကြောင်း သိရသည်။

ကိုရဲ