အမေရိကန်နှင့်ရုရှားတို့ကြား New START သဘောတူစာချုပ်ကို သက်တမ်းတိုးနိုင်မှု ဥရောပသမဂ္ဂကြိုဆို

အမေရိကန်နှင့်ရုရှားတို့ကြား  ကျန်ရှိသော မဟာဗျူဟာမြောက်    လက်နက်လျှော့ချရေး သဘောတူစာချုပ်အသစ်(New START)ကို သက်တမ်းတိုးနိုင်မှုအပေါ် ဥရောပသမဂ္ဂက ကြိုဆိုကြောင်း သိရသည်။

အဆိုပါ သဘောတူစာချုပ်ကို သက်တမ်းတိုးနိုင်ခြင်းသည် နိုင်ငံတကာလုံခြုံရေးနှင့် ဥရောပဒေသလုံခြုံရေးအတွက်  များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဥရောပကော်မရှင် ပြည်ပရေးရာမူဝါဒဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပီတာစတန်နိုက ဇန်နဝါရီ ၂၈ ရက်တွင်ပြောသည်။

အမေရိကန်နှင့် ရုရှားတို့သည်  အဆိုပါသဘောတူစာချုပ်ကို   နောက်ထပ်ငါးနှစ် သက်တမ်းတိုးခြင်းဖြစ်ပြီး ထိုနှစ်နိုင်ငံကြား ဆွေးနွေးမှုများက    အဆိုပါစာချုပ်၏ အနာဂတ်နှင့်  ဖြစ်လာနိုင်သော နောက်ထပ်လက်နက် ထိန်းချုပ်ရေး စာချုပ်များအတွက် အလွန်အရေးပါကြောင်း ပီတာစတန်နိုက ဆက်ပြောသည်။

ထို့ပြင်  ယခုသက်တမ်းတိုးနိုင်သည့် သဘောတူစာချုပ်သည်   နျူကလီးယား မပြန့်ပွားရေး သဘောတူစာချုပ်ကို အကောင်အထည်ဖော်ရာတွင်     အလွန်အရေးပါကြောင်းနှင့် ကမ္ဘာပေါ်တွင် နျူကလီးယား လက်နက်များ အများဆုံး ပိုင်ဆိုင်ထားသည့် အဆိုပါ အင်အားကြီးနှစ်နိုင်ငံ တို့အနေဖြင့် ၎င်းတို့၏ နျူကလီးယားလက်နက်များကို ယခုထက်ပို၍လျှော့ချသွားသင့်ကြောင်း ၎င်းကမှတ်ချက်ပြုပြောသည်။

အဆိုပါ  အင်အားကြီးနှစ်နိုင်ငံသည် ထိုစာချုပ်သက်တမ်းမကုန်မီရက်ပိုင်းအလိုတွင် နောက်ထပ်ငါးနှစ်သက်တမ်းတိုးရန် ဇန်နဝါရီ ၂၇ ရက်တွင်သဘောတူခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်မှစ၍ အသက်ဝင်လာသည့် အဆိုပါ စာချုပ်သည် နျူကလီးယားအင်အားကြီးနှစ်နိုင်ငံကြားကျန်ရှိသည့် တစ်ခုတည်းသော လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်ဖြစ်ပြီး ကျန်လက်နက်ထိန်းချုပ်ရေး သဘောတူ စာချုပ်များကို ထရမ့်အစိုးရ လက်ထက်တွင် ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သဘောတူစာချုပ်အရ နှစ်နိုင်ငံစလုံးအနေဖြင့် ၎င်းတို့၏ နျူကလီးယား လက်နက်များကို ဒုံးကျည်အားဖြင့် အစင်း

၇၀၀၊ ထိပ်ဖူးအားဖြင့် ၁၅၅၀ နှင့် ပစ်ခတ်ရေးစနစ်အားဖြင့် ၈၀၀ သာရှိသည်အထိ လျှော့ချသွားရမည် ဖြစ်ကြောင်း သိရသည်။

Ref: Sputnik