စစ်ဘက်၏ ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ် ဖြတ်တောက်ရန် တင်ပြမှုကို ထရမ့်ပယ်ချ

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကတင်သွင်းလာသော စစ်ဘက်၏ကျန်းမာရေး စောင့်ရှောက်မှု အသုံးစရိတ်ဖြတ် တောက်ရန်တင်ပြမှုကို သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ချလိုက်ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်ကို လျှော့ချရန် သုံးသပ်ချက်တွင် စစ်ဘက်ကျန်းမာရေး စောင့်ရှောက်မှု အသုံးစရိတ်ဖြစ်သည့် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကိုလျှော့ချရန် တာဝန်ရှိသူများ၏ တင်ပြမှုအပေါ် ထရမ့်က ပယ်ချလိုက်ခြင်း ဖြစ်သည်။

အဆိုပါ အသုံးစရိတ်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံလျှော့ချမည့် တာဝန်ရှိသူများ တင်ပြမှုကို လုံးလုံးလျားလျား ပယ်ချလိုက်ကြောင်း၊ ၎င်းအနေဖြင့် သမ္မတဖြစ်နေသမျှ ကာလပတ်လုံး စစ်ဘက်သူရဲကောင်းများကို   နည်းနည်းမျှ အထိခိုက်ခံမည် မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က သြဂုတ် ၁၇ ရက် နှောင်းပိုင်းတွင် ပြောသည်။

ထို့ပြင် ယင်းကဲ့သို့ အသုံးစရိတ်ဖြတ်ချခြင်းသည် လက်ရှိဖြစ်ပွားနေသည့် ကမ္ဘာ့ကပ်ရောဂါကာလအတွင်း တပ်မတော်သားများနှင့် မိသားစုဝင်များ သန်းပေါင်းများစွာအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အလွန်ထိခိုက်စေမည် ဖြစ်ကြောင်း စစ်ဘက်ထိပ်တန်း အရာရှိကြီးများက ပြောသည်။

ထိုကဲ့သို့ အသုံးစရိတ်ဖြတ်ချမည့် အစီအစဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်ဖြင့် ထိရောက်မှုမရှိသည်များ ကိုဖြတ်ချရန်ရည်ရွယ်ချက်၏  တစ်စိတ်တစ်ဒေသဖြစ်ကြောင်း သိရသည်။

အမေရိကန်စစ်ဘက်၌ လက်ရှိတာဝန်ထမ်းဆောင်နေသူများ၊ အငြိမ်းစားယူသွားသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း ကိုးသန်းခွဲဝန်းကျင်သည် စစ်ဘက်၏ကျန်းမာရေး စောင့်ရှောက်မှုစနစ် အပေါ်ကိုသာ မှီခိုနေရကြောင်း သိရသည်။

Ref: CNA