ကမ္ဘာကြီးပူနွေးမှုနဲ့ လူသားတို့ကို အသက်တိုစေတဲ့ တရားခံအကြောင်း(၁)

ယနေ့ကမ္ဘာပေါ်မှာ လူသားတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေအများကြီးရှိပါတယ်။ အဆိုးဆုံးကတော့ ကျန်းမာရေးကို ထိခိုက်လာစေတဲ့ ပြဿနာတွေပါ။

ဒီပြဿနာတွေထဲမှာ သောက်သုံးရေရှားပါးမှု၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့ပါးပျက်စီးလာမှုတို့လည်း အပါအဝင် ဖြစ်ပါတယ်။ အဲဒီလိုပြဿနာတွေထဲကမှ လူသားတွေအနေနဲ့    အဆိုးဆုံးကြုံတွေ့နေရတဲ့ ပြဿနာကတော့ လေထုညစ်ညမ်းမှုပါပဲ။

လေထုညစ်ညမ်းမှုအပါအဝင်   များလှစွာသော ပြဿနာများကို ဖန်တီးသူတွေကတော့ တခြားမဟုတ်ပါဘူး။ လူသားတွေကိုယ်တိုင်ပါပဲ။

လေထုညစ်ညမ်းမှုဆိုတာ ဘယ်အချိန်ကတည်းက စတင်ကြီးထွားလာလဲဆိုရင် လူသားတွေက  စက်မှုခေတ်ပြောင်း တော်လှန်ရေးကို စတင်ကတည်းက ဖြစ်ပါတယ်။

ဒီကနေ့ရင်ဆိုင်နေရတဲ့ လေထုညစ်ညမ်းမှုကို ဖြစ်စေတာကတော့ အဲဒီစက်မှုလုပ်ငန်းတွေရဲ့ လုပ်ဆောင်မှုကြောင့်ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တွေ တုန်းက အလင်းရောင်ညစ်ညမ်းမှု၊  အသံဆူညံမှုအကြောင်းတွေနဲ့   သူတို့ရဲ့အကျိုး သက်ရောက်မှုတွေကို ဖော်ပြခဲ့ပြီးပါပြီ။

ဒါကြောင့် ဒီတစ်ပတ်မှာတော့ လူသားတွေကို ဒုက္ခအပေးဆုံး အရာဖြစ်တဲ့ လေထုညစ်ညမ်းမှုအကြောင်းကို အကျယ်တဝင့် တင်ပြသွားမှာ ဖြစ်ပါတယ်။

ဘယ်အရာတွေက လေထုညစ်ညမ်းမှုကိုဖြစ်စေတာလဲ ဆိုတဲ့ အကြောင်းမပြောခင် ဘယ်အရာကိုလေထုညစ်ညမ်းမှုလို့ ခေါ်တာလဲဆိုတာ အရင်ပြောပါရစေ။

လေထုညစ်ညမ်းမှုဆိုတာကတော့ ထုတ်လွှတ်လိုက်တဲ့ ဓာတ်ငွေ့များနဲ့ လူသားတို့ကြောင့်ထွက်ပေါ်လာတဲ့ အလွန်သေးငယ်သော အမှုန်များနဲ့ ဓာတုပစ္စည်းများက လေထုထဲကို ရောက်သွားတာကို ဆိုလိုတာပါ။

အဲဒီလိုဓာတ်ငွေ့တွေ၊ ဓာတုပစ္စည်းတွေ ပေါင်းစုပြီးနောက် ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုက လေကိုရှူရှိုက်နေရတဲ့ သက်ရှိတွေအားလုံးကို ဒုက္ခဖြစ်စေပါတယ်။

ဒီတော့ လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့အရာတွေက လူသားတွေ ဖန်တီးထုတ်လွှတ်လိုက်တဲ့ ဓာတ်ငွေ့တွေ၊ ဓာတုပစ္စည်း အမှုန်အမွှားတွေဖြစ်ပါတယ်။

သုတေသီတွေဟာ ကမ္ဘာကြီးပူနွေးမှုကို လေ့လာတဲ့ အခါမှာ လေထုညစ်ညမ်းခြင်းက ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေတဲ့  ပင်မအကြောင်းရင်းဖြစ်တယ်ဆိုတာ သွားတွေ့ပါတယ်။

လေထုညစ်ညမ်းမှုကို ညစ်ညမ်းစေတဲ့ အမှုန်တွေကို ဖောက်ထွင်းမြင်နိုင်ခြင်း မရှိပါဘူး။  အဲဒီအမှုန်တွေက လေထုထဲကို ရောက်သွားတဲ့အခါ ကမ္ဘာကြီးအပေါ် နေရောင်ခြည်တန်းများ ဝင်ရောက်မှုကို ပိတ်ဆို့ထားစေသလို ကမ္ဘာကြီးအနေနဲ့  သဘာဝအတိုင်း အပူဓာတ်စွန့်ထုတ်မှုကိုလည်း ဟန့်တားထားပါတယ်။

တစ်ချိန်တည်းမှာပဲ လေထုညစ်ညမ်းစေတဲ့ တခြားအမှုန်တွေက အိုဇုန်းလွှာလို့ခေါ်တဲ့ အပြင်ဘက်လေထုအလွှာကို ဖျက်ဆီးပါတယ်။ အဲဒီအလွှာက နေရောင်ခြည်များ အလွန်အမင်း ဝင်ရောက်မှုကို တားဆီးပေးထားတာပါ။

ဒီလိုလေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝန်းမှာ မမျှော်မှန်းနိုင်တဲ့   ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။  အခုလို  ရာသီဥတုပြောင်းလဲခြင်းရဲ့ အကြောင်းရင်းကတော့ အဓိက လေထုညစ်ညမ်းပစ္စည်းများနဲ့ ဆင့်ပွားလေထု ညစ်ညမ်းပစ္စည်းများကြောင့် ဖြစ်ပါတယ်။

 

လေထုညစ်ညမ်းပစ္စည်းနှစ်မျိုးပဲရှိပါတယ်။ ပထမတစ်မျိုးဖြစ်တဲ့ လေထုညစ်ညမ်း ပစ္စည်းကတော့ အလွန်သေးငယ်တဲ့ အခဲလေးတွေနဲ့ အမှုန်အမွှားလေးတွေ ဖြစ်ပါတယ်။

အဲဒါတွေကို ကျပ်ခိုးများ၊ ဖုန်များ၊ မီးခိုးများ၊ အခိုးအငွေ့များပုံစံနဲ့ တွေ့ရလေ့ရှိပြီး လူတွေရဲ့ မျက်စိနဲ့တော့ မမြင်တွေ့နိုင်ပါဘူး။

အဓိကလေထုညစ်ညမ်းပစ္စည်းမှာ    ရုပ်ကြွင်းလောင်စာတောက်လောင်မှု မှတစ်ဆင့် လေထုထဲသို့ ထုတ်လွှတ်လိုက်သည့် အရာများ ဖြစ်ပါတယ်။

ဓာတ်ဆီလောင်စာကိုအသုံးပြုတဲ့ စက်တပ်ယာဉ်များဆိုရင် ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ကို ထုတ်လွှတ်ပါတယ်။ အိမ်တွင်းအနွေးဓာတ်ပေးရန်   သဘာဝဓာတ်ငွေ့များကို အသုံးပြုမှု၊   မီးလောင်မှု အမျိုးမျိုးနှင့် ဓာတ်အားပေးစက်ရုံများမှ ဆိုလျှင် ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်နဲ့ ဆာလဖာဒိုင်အောက်ဆိုက်တို့ ထွက်ရှိတာပါ။

ဒီဇယ်စွမ်းအင်သုံး မော်တော်ကားများနဲ့  အခြားစက်မှုလုပ်ငန်းများက    ခဲဓာတ်ပါတဲ့မီးခိုးများကို ထုတ်လွှတ်ပြီး အရွယ်အစားအားဖြင့် သုည ဒသမ ၅ မိုက်ခရိုမီတာသာ ရှိပါတယ်။ အဲဒီ ခဲဓာတ်ပါတဲ့ မီးခိုးတွေက အဓိကလေထုညစ်ညမ်းမှု ပစ္စည်းများကို ပိုဆိုးစေပါတယ်။

အဓိကလေထုညစ်ညမ်းမှုပစ္စည်းများက အခြားသော သဘာဝပစ္စည်းများနဲ့ ထိတွေ့လိုက်တဲ့အခါမှာ ဆင့်ပွားလေထုညစ်ညမ်းမှု ပစ္စည်းများကို ထွက်ပေါ်လာစေတာပါ။

ဥပမာအားဖြင့် အိုဇုန်းလွှာဆိုတာ အဓိကလေထုညစ်ညမ်းမှု ပစ္စည်းတစ်ခုဖြစ်တဲ့    နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်က    နေရောင်ခြည်အတွင်း ပါဝင်တဲ့ ဟိုက်ဒရိုကာဗွန်နဲ့ ဓာတ်ပြုလိုက်တဲ့အခါ မြူခိုးတွေကို ထွက်လာစေပါတယ်။ ဒါဟာ ဆင့်ပွားလေထုညစ်ညမ်းမှု ပစ္စည်းပဲ ဖြစ်ပါတယ်။

 

 

လေထုညစ်ညမ်းမှုဖြစ်တဲ့အတွက် အဲဒီညစ်ညမ်းမှုကို အရင်ဆုံးခံစားရတာက လေထဲမှာ ပျံသန်းသွားလာနေတဲ့ သတ္တဝါတွေဖြစ်ပါတယ်။

ဒီသတ္တဝါတွေဟာ ပူနွေးတဲ့လေထုထဲမှာလည်း နေထိုင်ကျက်စားရတဲ့အပြင်    စုပုံဖြစ်တည်လာတဲ့ အစားအစာ အဆိပ်သင့်မှုကြောင့် ရောဂါဖြစ်ပွားမှု ဒဏ်ကိုလည်း ခံနိုင်ရည် မရှိကြတော့ပါဘူး။

ဒီလိုလေထုညစ်ညမ်းမှုက    သတ္တဝါတွေအပေါ် သက်ရောက်မှု အများဆုံး နည်းလမ်းကတော့ အစားအစာ စားသုံးမှုကနေတစ်ဆင့် ဖြစ်ပါတယ်။

လေထဲမှာရှိနေတဲ့ ဓာတ်ငွေ့အမှုန်အမွှားတွေဟာ မြက်ပင်ကဲ့သို့သော အခြေခံကျတဲ့ အစားအစာအပေါ်ကို ကျဆင်းသွားပါတယ်။

အပင်စားသတ္တဝါတွေက    အဲဒီမြက်ပင်တွေကို စားသုံးလိုက်တဲ့အခါ သူတို့ခန္ဓာကိုယ်ထဲမှာ အဲဒီအမှုန်အမွှားတွေက အဆိပ်အဖြစ် သွားရောက်စုပုံပါတယ်။

ပြီးတဲ့အခါမှာတော့ အသားစားသတ္တဝါတွေက အဲဒီအပင်စားသတ္တဝါတွေကို စားလိုက်တဲ့အခါ အဆိပ်တွေက ကူးပြောင်း ဖြစ်တည်ပြန်ပါတယ်။