ငယ်ဘဝ

ယမန်နေ့မှအဆက်

ကျေးလက်တောရွာ သဘာဝနှင့်   ဆိုလျှင်တော့ ကြီးကျယ်ခမ်းနားသော   မင်္ဂလာဆောင်ဖြစ်ပါ၏။

သတို့သားနှင့်သတို့သမီး နှစ်ဖက်မိဘဦးကြီး၊ ဦးလေး၊ဒေါ်ကြီး၊ ဒေါ်လေးတို့ကို ကန်တော့ကြသည်။ နှစ်ဖက်မိဘ လူကြီးဆွေမျိုးသားချင်း လက်ရင်းများက ကန်တော့ဆုပေးကြသည်။  အခုမှ အကြီးစား လက်ဖွဲ့ခြင်းများပြုကြသည်။

နေနဲ့လရွှေနဲ့မြ လိုက်ဖက်တင့်တယ်သော မင်္ဂလာပွဲကြီး စည်ကားတင့်တယ်စွာ ပြီးမြောက်သွားလေပြီ။

ညနေပိုင်းသို့ရောက်သောအခါ လင်နောက်ဆံထုံးပါမြဲ ထုံးအတိုင်း မစောရှင်သည် မောင်ချစ်စိန်နေထိုင်ရာ ထန်းတောရွာသို့ လိုက်ပါသွားရသည်။

ထန်းတောရွာ

ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် အနောက်ပိုင်းမှာရှိသည်။ အိမ်ခြေ ၂ဝဝဝ ခန့်ရှိသော ရွာကြီးဖြစ်သည်။

ရွာအနောက်ဘက်တွင်   မြစ်ကျိုးအင်းကြီးရှိသည်။ မြစ်ကျိုးအင်းရေပြင်ကျယ်မှာ ရေတမာပင်များ စည်ကားစွာ ပေါက်နေကြသည်။ ရေတမာပင်ပေါ်မှာ ဗျိုင်းငှက်များ၊ မယ်ညို၊ ရေကြက်၊ တင်ကျီး၊  စက္ကဝါက်၊ ရေကျေးငှက်များ အုပ်ဖွဲ့နားနေကြသည်။ နေ့ညအခါမလပ် ရေကျေးငှက်တို့၏အသံဖြင့် သာယာလျက်ရှိသည်။

ရွာ၏အရှေ့ဘက်တွင် မြစ်ကျိုးအင်းမှ လျှံထွက်လာသော   ရေပြင်ကျယ်ရှိသည်။ ထိုရေပြင်ကျယ်၏ အလွန်တွင် ဘုရားပုထိုးကျောင်းဇရပ်များနှင့် စည်ကားလျက်ရှိသော ရွာဦးကျောင်းရှိသည်။ ရွာဦးကျောင်းနှင့် ရွာ၏ကြားမှ ရေပြင်ကျယ်ကို သစ်သားတံတားရှည်ကြီးနှင့် ဖြတ်ကျော်ထားသည်။ ထန်းတောရွာ၏ ထူးခြားသောရှုခင်းဖြစ်၏။

ဥပုသ်သီတင်း ဆောက်တည်လိုသူ၊ အလှူကောင်းမှု ပြုလိုသူများ ဤတံတားရှည်ကြီးဖြင့် ဘုန်းကြီးကျောင်းသို့သွားရသည်။

နံနက်ခင်းတွင် ရဟန်းသာမဏေ၊ ကျောင်းသားများ ဤတံတားမှ ဆွမ်းခံကြသည်။ မိမိတို့သင်ကြားနေဆဲဖြစ်သော စာများ အလွတ်ကျက်ထားသည်ကို အာဂုံပြန်၍ တံတားပေါ်မှာ လျှောက်လာနေကြသည်။ ကျောင်းသားတို့ စာအံပြီး  တံတားပေါ်မှလျှောက်လာကြသော အသံကို ရွာမှကြားရသည်။

စာအံသံများ ဝေးသေးသည်။ စာအံသံများ နီးလာပြီ။ ဆွမ်းလောင်းလှူရန် အသင့်ပြင်ဆင်နိုင်ကြသည်။

တံတားကိုကျော်ပြီး ရွာသို့ဝင်မှ စာအံသံများ ရပ်သွားသည်။ အလွန်ကောင်းသော စိတ်ကူးအစီအစဉ်ဖြစ်ပါသည်။ တစ်ချက်ခုတ် သုံးချက်လောက်ပြတ်သည်။ ဆွမ်းခံကြွလာသံကို ရွာမှလူများကြားရသည်။ ရပြီးစာများကိုလည်း ကျေညက်စေသည်။ ကလေးများ မဆူမဆော့အောင် ထိန်းပြီးသားဖြစ်သွားသည်။

မြေပိုင်ရှင်ဒေါ်သိုင်းခြုံ

ဒေါ်သိုင်းခြုံသည် ချမ်းသာကြွယ်ဝသော မြေပိုင်ရှင်ဖြစ်၍ အိမ်ကြီးဝင်းကျယ်နှင့် နေသည်။ ခြံဝင်းအတွင်းမှာ စပါးကျီများစွာရှိသည်။ သီးစားချထားသော လယ်သမားများ၏ သီးစားခဖြင့် ကျီများစွာ စပါးပြည့်ခဲ့သည်။

တိုက်၏ခေါင်းရင်းမှာ ရေတွင်းကြီးရှိသည်။ ရေချိုရေကောင်း    ပေါပေါများများ ထွက်သည်။ ရေတွင်းဘေးမှာ ဆပ်သွားဖူးရုံကြီးများက ပတ်ဝိုင်း အုပ်ဆိုင်းနေ၏။ 

သနပ်ပင်ကြီး တစ်ပင်လည်းရှိသည်။ မိသားစုဆေးလိပ် သောက်ရန် သနပ်ဖက် အလုံအလောက်ရသည်။

လင်တစ်မျက်နှာ တစ်ရွာထင်၍ လိုက်လာခဲ့သော မစောရှင်မှာ ယောက္ခမများနှင့် အတူနေရသည်။ သို့သော် ထိုအချိန်အခါက  တောရွာများမှာ ၄ တန်းအောင်သော မိန်းကလေးပင်မရှိ မစောရှင်က ၉ တန်းအထိ အောင်ထားသော  ပညာတတ်မိန်းကလေးဖြစ်သည်။

ယောက္ခမကြီးနှင့်တကွ ယောက်မများကပါ ချစ်ကြဂရုစိုက်ကြသည်။ ကိုချစ်စိန်မှာလည်း တစ်ဦးတည်းသော သားမို့ အားလုံးက ချစ်ခင်အလိုလိုက်ထားသူ ဖြစ်သည်။

ကိုချစ်စိန်ကလည်း   ကျေးဇူးရှင်ဆရာ၏ သမီး ပညာတတ်ဇနီးကို ချစ်ခင်မြတ်နိုး တန်ဖိုးထားသည်။

မစောရှင်မိဘများနှင့် ခွဲလာရသော်လည်း အစစအရာရာ အဆင်ပြေပါသည်။ အိမ်ထောင်ဦးမှာ ကြည်နူးစရာ။

ချမ်းသာကြွယ်ဝသူတို့ ထုံးစံအတိုင်း အိမ်မှာခိုင်းစရာ လူတွေများလှသည်။

နေ့စဉ်လာရောက် ကူညီကြ၊ စားသောက်ကြ။ အိမ်မှ မိသားစုဘာမျှမလုပ်ရ၊ မစောရှင်လည်း ဘာမျှမလုပ်ရ၊အိမ်ထဲမှာ ဓာတ်စက်သံ တညံညံနှင့် ပျော်ပျော်ပါးပါး နေကြသည်။ ဓာတ်ပြားအသစ် ထွက်သမျှ မလွတ်စေရ။

ညကျတော့ ဇာတ်ထုပ်များ ဖွင့်ကြသည်။ ဖိုးစိန်ကြီး၊ ရွှေကြီးညို၊  အောင်မောင်းကြီး ဒုတိယဖိုးစိန်၊ ဒဂုန်လှရွှေ စသော မင်းသားတို့၏ ဇာတ်ထုပ်များကို နားထောင်ကြသည်။

မစောရှင်ပျော်ပါသည်။ အဝတ်အစားဆိုလည်း ပေါ်သည်နှင့်ဝတ်ရပြီ။ လက်ဝတ်လက်စား စိန်၊ ရွှေရတနာ အပြည့်ဆင်ထားကြသည်။

မိဘများကိုလွမ်းလျှင်လည်း ဘာမျှမဝေး ထန်းတောမှ ဝန်းသိုသို့ ၂ မိုင်ခရီးကို လှည်းကလေးနှင့် သွားကြသည်။

ဓာတ်စက်၊ ဓာတ်ပြားများပါ တင်သွားပြီး ဝန်းသိုရွာမှာ ညအိပ်ကြသည်။ ညတွင် ကိုချစ်စိန်က ဇာတ်ထုပ်ဖွင့်၍ ဆရာကြီးအိမ်မှာ ဓာတ်စက် နားထောင်သူများ စည်ကားလျက်ရှိသည်။

ဤနည်းဖြင့် ပျော်စရာနေထိုင်သွားလာရင်း သားသမီး ရတော့မည်။ ဇနီးမောင်နှံနှစ်ဦးနှင့်အတူ နှစ်ဖက်မိဘများပါ ဝမ်းသာပျော်ရွှင်ကြသည်။

ဆရာကြီးဦးဘိုးသာက မြေးဦးကို ယောကျ်ားလေး ဖြစ်စေချင်သည်။ သူမွေးထားသည်က သမီးနှစ်ယောက်မို့ သားလိုချင်နေသည်။ ဒေါ်သိုင်းခြုံကလည်း သမီးနှစ်ယောက်၊ သားတစ်ယောက်မို့ မြေးဦးကို သားလေး ဖြစ်ချင်သည်။

သားဦးကလေးမွေးဖွားပြီ

ဥသြတွန်သံချိုသည့်နွေဦးကာလ   ရွက်ဝါကြွေ၍ ရွက်သစ်ဝေသောတန်ခူးလ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးတော့မည်။ ရွာဝန်းကျင်မှာ ထနောင်းပင်ကလေးများ လွင်လွင်စိမ်း၍ နုနုစိုနေ၏။

ဆက်လက်ဖော်ပြပါမည်။