ဗြိတိန်က အာရှ-ပစိဖိတ် လွတ်လပ်စွာ ကုန်သွယ်ရေးအဖွဲ့တွင် ပါဝင်ရန် လျှောက်ထားမည်

ဗြိတိန်အစိုးရအနေဖြင့် နိုင်ငံပေါင်း ၁၁ နိုင်ငံပါဝင်သော အာရှ-ပစိဖိတ် လွတ်လပ်စွာ ကုန်သွယ်ရေးအဖွဲ့ (CPTPP) တွင်ပါဝင် ရန် လာမည့်သီတင်းပတ်တွင် တရားဝင် လျှောက်လွှာတင်မည်ဖြစ်ပြီး ထိုကိစ္စနှင့် ပတ်သက်၍ဆွေးနွေးပွဲများကို  ယခုနှစ် နှောင်းပိုင်းတွင် စတင်ရန်စီစဉ်ထားကြောင်း အစိုးရအဖွဲ့က ဇန်နဝါရီ ၃၀ ရက်တွင်ပြောသည်။

ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂမှနုတ်ထွက်ပြီးနောက် CPTPP တွင် ပါဝင်ရန် ဆန္ဒရှိကြောင်း တရားဝင်ကြေညာထားသည်။ ထိုအဖွဲ့တွင်  သြစတြေးလျ၊  ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူနှင့် ဗီယက်နမ် နိုင်ငံတို့ပါဝင်ပြီး ၎င်းအဖွဲ့၏ သဘောတူညီ ချက်အရ အဖွဲ့ဝင်နိုင်ငံများကြား သွင်းကုန် အခွန်စည်းကြပ်မှု အများအပြားကို ဖယ်ရှားပေးမည် ဖြစ်သည်။

ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂမှနုတ် ထွက်ပြီးချိန်တွင် နိုင်ငံအတွက်စီးပွားရေး အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးမည့်

မဟာမိတ်များနှင့် ဆက်ဆံရေးကို ခိုင်မာအောင် ကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောသည်။

ဃဏွှဏဏ တွင်ပါဝင်ရန် ပထမဆုံးနိုင်ငံ အဖြစ်လျှောက်လွှာတင်ခြင်းသည်  ကမ္ဘာတစ်ဝန်းရှိ မိတ်ဆွေများ၊ စီးပွားဖက်များနှင့် အကောင်းဆုံးသော ကာလတွင် စီးပွားရေး လုပ်ဆောင်မည့် ဗြိတိန်၏ ရည်မှန်းချက်ကို ထုတ်ဖော်ပြသခြင်း ဖြစ်ကြောင်း ဘောရစ် ဂျွန်ဆင်ကပြောသည်။

ထို့ပြင် ဗြိတိန်နိုင်ငံသည် CPTPP တွင် ပါဝင်ရန် ကြိုးပမ်းသော မူလအဖွဲ့ဝင် မဟုတ်သည့်    ပထမဆုံးနိုင်ငံ ဖြစ်လာကြောင်း နိုင်ငံတကာကုန်သွယ်ရေးဌာန အတွင်းရေးမှူး လစ်ထရက်က    ပြောသည်။

၎င်းအနေဖြင့် ထိုကိစ္စနှင့် ပတ်သက်၍  ဂျပန်စီးပွားရေးဝန်ကြီး၊  နယူးဇီလန်ကုန်သွယ်ရေးနှင့် စီးပွားရေးဝန်ကြီးတို့နှင့် ဖေဖော်ဝါရီ ၁ ရက်တွင် ဗီဒီယိုဖုန်းခေါ်ဆိုမှု မှတစ်ဆင့် ဆွေးနွေးပွဲပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။          

Ref: TST