ကလီယိုပတ်ထရာ၏ ဂူသင်္ချိုင်းရှိသည်ဟု ယူဆရသော နေရာမှ တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းပစ္စည်းများ တွေ့ရှိ

ဒိုမီနီကန်နိုင်ငံမှ ရှေ့နေတစ်ဦးဖြစ်သည့် ကက်သလင်းမာတီနက်ဦးဆောင်သော ရှေးဟောင်းသုတေသန အဖွဲ့သည် ကလီယိုပတ်ထရာ၏ ဂူသင်္ချိုင်းရှိသည်ဟု ယူဆရသော ရှေးဟောင်းဘုရားကျောင်းမှ တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းပစ္စည်းများကို တွေ့ရှိကြောင်း သိရသည်။

ရှေးဟောင်းဘုရားကျောင်းသည် အီဂျစ်နိုင်ငံ    အလက်ဇန်းဒရီးယားပြည်နယ် အနောက်ဘက် ၄၅ ကီလိုမီတာအကွာရှိ တာပိုဆိုင်းရစ်မက်ဂနာ ဘုရားကျောင်းဖြစ်ပြီး   သုတေသနပညာရှင်များက နေရာအနည်းငယ်ကိုသာ တူးဖော်ရှာဖွေရသေးကြောင်း သိရသည်။

ထိုနေရာမှတွေ့ရှိရသော ရှေးဟောင်းပစ္စည်းများတွင် မံမီများ၊ ရွှေဖြင့်ပြုလုပ်ထားသည့် အဆောင်များ၊ ကျောက်ထွင်း အခေါင်းများပါဝင်ကာ   မံမီအများစုမှာ ပျက်စီးနေပြီ ဖြစ်သည်။

ယခုတွေ့ရှိသောရှေးဟောင်းပစ္စည်းများသည် ဂရိ-ရောမခေတ် ရှေးဟောင်းပစ္စည်းများ ဖြစ်ပြီး အဆိုပါဘုရားကျောင်းသည် တစ်ချိန်က အိုဆိုင်းရစ်နှင့်အိုင်းဆစ်နတ် ဘုရားများကို ပူဇော်ရာနေရာဖြစ်ကြောင်း သိရသည်။

မံမီအချို့၏ခံတွင်းဝတွင် ရွှေပြားခတ်ထားသော လျှာပုံစံအဆောင်များကို တွေ့ရပြီး ထိုသို့လုပ်ရခြင်းက သေဆုံးသူများအနေဖြင့် တမလွန်ဘဝတွင်စကားပြောနိုင်စေရန် ဟူသော ဘာသာရေးယုံကြည်ချက်ဖြင့် လုပ်ခြင်းဖြစ်သည်။

အခြားမံမီတစ်ခုတွင် ရှေးခေတ်အီဂျစ်အယူဝါဒဖြစ်သော သေခြင်းနတ်ဘုရား အိုဆိုင်းရစ်၏ ရုပ်ပုံကို ထိုးထားသည်ကို  တွေ့ရသည်။

ကက်သလင်းမာတီနက်သည် ကလီယိုပတ်ထရာ၏သင်္ချိုင်းကို   ၂၀၀၅ ခုနှစ် ကတည်းက ရှာဖွေနေခဲ့သူဖြစ်ပြီး    တာပိုဆိုင်းရစ်မက်ဂနာဘုရားကျောင်း၏တစ်နေရာရာတွင်ရှိမည်ဟု ယုံကြည်နေကြောင်း သိရသည်။

Ref: Sputnik