အခန်းတွင်း လေထုညစ်ညမ်းမှု
လေထုညစ်ညမ်းမှုဆိုတာနဲ့ အပြင်ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုများကိုပဲ အများစုကပြေးမြင်ကြလေ့ ရှိပါတယ်။ ကိုယ့်အနားမှာရှိနေတဲ့ လေထုညစ်ညမ်းမှုကိုတော့ မေ့နေကြပါတယ်။
ကိုယ့်အနားမှာရှိနေတဲ့ လေထုညစ်ညမ်းမှု ဆိုတာကတော့ အခန်းတွင်း လေထုညစ်ညမ်းမှုပါ။ အခန်းတွင်း လေထုညစ်ညမ်းမှုက ဘယ်ကနေလာလဲဆိုရင် ကိုယ်အသုံးပြုလိုက်တဲ့ ဓာတုပစ္စည်းတွေကြောင့်ပဲ ဖြစ်ပေါ်လာတာပါ။
ဥပမာအားဖြင့် သန့်ရှင်းရေးပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေ၊ အခန်းတွင်းဖျန်းစပရေးတွေ၊ ဖယောင်းတိုင်၊ အမွှေးတိုင်ထွန်းညှိမှုတွေကနေတစ်ဆင့် အခန်းတွင်း လေထုညစ်ညမ်းမှု ဖြစ်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် အလုံပိတ်အခန်းတွေ၊ အဲကွန်းဖွင့်ထားတဲ့ အခန်းတွေ၊ လေယာဉ်ပေါ်လိုနေရာတွေမှာ ရေမွှေးတွေ၊ ဘော်ဒီစပရေးတွေ အသုံးပြုခြင်းကလည်း ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ တခြားသူတွေအနေနဲ့ အသက်ရှူရ အဆင်မပြေတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့ရစေတဲ့ အပြင် စိတ်တိုဒေါသထွက်စေပါတယ်။
ဒီကနေ့လိုအချိန်မှာတော့ လူအများအပြားဟာ သန့်ရှင်းရေးနဲ့ ခန္ဓာကိုယ် အသုံးပြုဖို့အတွက် သဘာဝပစ္စည်းတွေကို ရွေးချယ်ရကောင်းမှန်း သိလာကြပါပြီ။
ဒီလိုရွေးချယ်လာမှုဟာ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းလာပေမယ့်လည်း တချို့သော အထိအခိုက်မခံတဲ့ အခြေအနေမျိုးတွေ ပိုင်ဆိုင်တဲ့သူတွေ အတွက်ကတော့ အရေပြားယားယံတာ၊ အသက်ရှူလမ်းကြောင်းမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်တာမျိုးတွေ ကြုံရနိုင်ပါသေးတယ်။
တစ်နှစ်လျှင် လူသေဆုံးမှုပမာဏ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဆိုရင်တော့ ကမ္ဘာပေါ်မှာရှိတဲ့လူ ၁၀ ယောက်မှာ ကိုးယောက်က ညစ်ညမ်းတဲ့လေကို ရှူရှိုက်နေရတယ်လို့ ဆိုပါတယ်။
လူသေဆုံးမှုအနေနဲ့ ဆိုရင်တော့ တစ်နှစ်ကို လူခုနစ်သန်းခန့်ရှိပါတယ်။ ဒါဟာ ပြင်ပလေထုညစ်ညမ်းမှုကြောင့်ရော၊ အခန်းတွင်း လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူ အရေအတွက်ပါ။
အဲဒီထဲကမှ ၂ ဒသမ ၂ သန်းဟာ အနောက်ပစိဖိတ်ဒေသတစ်ဝန်းမှာ သေဆုံးသူဦးရေ ဖြစ်ပါတယ်။ ဒီဒေသကိုတော့ တရုတ်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံမှသည် နယူးဇီလန်နိုင်ငံအထိ သတ်မှတ်ထားပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်ပါတယ်။
ကျန်တဲ့ သေဆုံးမှု အများဆုံးနိုင်ငံတွေကတော့ ဝင်ငွေနည်းနဲ့ အလယ်အလတ်အဆင့်ရှိတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းတွေကတော့ လေဖြတ်၊ နှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာနဲ့ ပြင်းထန် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတို့ကြောင့် ဖြစ်ပါတယ်။
လေထုညစ်ညမ်းမှုကို ဘယ်လိုတိုင်းတာမလဲ
လေထုညစ်ညမ်းမှုကိုတိုင်းတာရာမှာ လေထုရဲ့ အရည်အသွေး၊ ပါဝင်တဲ့အရာ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူသားတို့ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတို့နဲ့ တိုင်းတာလေ့ ရှိပါတယ်။
ဒီကနေ့ခေတ်မှာ အဓိကထားတိုင်းတာတဲ့ အရာတွေကတော့ ကာဗွန်မိုနောက်ဆိုက်၊ အိုဇုန်းဓာတ်၊ ခဲဓာတ်၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်နဲ့ ဆာလဖာဒိုင်အောက်ဆိုက်တို့ပါဝင်မှုကို အဓိကထား တိုင်းတာပါတယ်။ တိုင်းတာမှုကိုတော့ သိပ္ပံပညာရှင်တွေ၊ စက်မှုလုပ်ငန်းမှာရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေက လုပ်ဆောင်ပြီး သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းတွေကို တင်ပြရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ရရှိလာတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး စက်ရုံတွေရဲ့ ကုန်ထုတ်လုပ်မှုကို ကန့်သတ်ထိန်းချုပ်တာမျိုးကို လုပ်ဆောင်ပါတယ်။
မော်တော်ကားတွေကိုတော့ သူတို့ရဲ့မီးခိုးထွက်ပေါက်ကနေ တိုက်ရိုက်တိုင်းတာပါတယ်။ ပြီးရင်တော့ ရရှိတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ မော်တော်ကား အရေအတွက်နဲ့မြှောက်ပြီး အစိုးရက ထိန်းချုပ်မှုတွေ လုပ်တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း တာဝန်ရှိသူတွေဘက်က ထိရောက်တဲ့ထိန်းချုပ်မှုတွေ မလုပ်နိုင်သလို ပြည်သူတွေဘက်ကလည်း လျစ်လျူရှုတာတွေ များလာတဲ့အတွက်ကြောင့် အခုလိုမျိုးတစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာရတဲ့ လေထုညစ်ညမ်းမှု ဖြစ်လာနေတာပါ။
လေထုညစ်ညမ်းမှုကို ဘယ်လိုလျှော့ချရပ်တန့်မလဲ
လေထုညစ်ညမ်းမှုကိုဖန်တီးတာက မိမိတို့မျိုးဆက်ဖြစ်ပြီး အကျိုးဆက်ကိုခံစားရမှာက မိမိတို့ရဲ့မျိုးဆက်သစ်တွေ ဖြစ်ပါတယ်။ ဒီတော့ မျိုးဆက်သစ်တွေကို ပေးခဲ့ချင်တဲ့ အရာတွေကို မိမိတို့က အခုချိန်မှာ အကောင်အထည်ဖော်ရမှာပါ။
လေထုညစ်ညမ်းမှုနဲ့ ကြုံတွေ့ရတဲ့မိဘတွေမှာ မွေးဖွားခြင်း ခံလာရတဲ့ ကလေးငယ်တွေဟာ မွေးရာပါ ကျန်းမာရေး အားနည်းချက်တွေ များပါတယ်။
ဒီတော့ အခုလက်ရှိကြုံတွေ့ နေရတဲ့ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်မှသာ မိမိတို့ရဲ့ မျိုးဆက်တစ်ဆက်ကျော်တွေဟာ ကျန်းမာ သန်စွမ်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
စက်မှုခေတ်ပြောင်းတော်လှန်ရေးကနေ စတင်ပြီးတော့ ထွက်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုဟာ ဒီကနေ့အချိန်အထိ အရှိန်မသေသေးပါဘူး။
လေထုညစ်ညမ်းမှုဖြစ်ရာ အရင်းအမြစ်တွေကို သိပေမယ့်လည်း အဲဒီအရင်းအမြစ်တွေကို ဖယ်ရှားလို့ မရသေးပါဘူး။ ဒီအရင်းအမြစ်တွေကို ရုတ်ခြည်း ဖယ်ရှားလိုက်မယ်ဆိုရင် လေထုသန့်စင်လာမှာ မှန်ပေမယ့်လည်း အဲဒီ အရင်းအမြစ်တွေ အပေါ်မှာ မှီခိုနေတဲ့ဘဝတွေအတွက် ကပ်ဘေးဆိုက်သွားနိုင်ပါတယ်။
ဒါကြောင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ တဖြည်းဖြည်းလုပ်ဆောင်သွားမှသာ အားလုံးအတွက် အဆင်ပြေမယ့် နည်းလမ်းဖြစ်တဲ့အတွက် ကမ္ဘာ့နိုင်ငံအများစုက အခုကတည်းကစပြီး လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ လုပ်ဆောင်နေပါပြီ။
အရင်ဆုံး မိမိတို့အသုံးပြုနေတဲ့ စွမ်းအင်တွေကို ရုပ်ကြွင်းလောင်စာတွေ ဆီကနေမရယူဘဲ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်တွေဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ရေစွမ်းအင်တို့က နေရယူရပါမယ်။
စက်မှုလုပ်ငန်းတွေမှာလည်း ရုပ်ကြွင်းလောင်စာတွေ အသုံးပြုပြီး စွမ်းအင်ရယူမယ့်အစား တခြားနည်းလမ်းတွေကို ရှာဖွေအသုံးပြုရပါမယ်။
ဒါတွေကိုတော့ အစိုးရနဲ့ တာဝန်ရှိသူတွေက ကြီးကြပ်လုပ်ဆောင်ပေးလို့ ရပေမယ့်လည်း လူတစ်ဦးချင်းစီက ကိုယ်တိုင်လိုက်နာ ဆောင်ရွက်သွားရမယ့် တာဝန်တွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှ အထင်ရှားဆုံးတစ်ခုကတော့ အခန်းတွင်း လေထုညစ်ညမ်းမှုမရှိအောင် ဂရုပြုဆောင်ရွက်ခြင်းပါပဲ။ နောက်တစ်ချက်က သာမန်ကာလျှံကာ သဘောထားပြီး အမှိုက်မီးရှို့နေခြင်းကို ရပ်တန့်လိုက်ဖို့ပါပဲ။
ကျေးလက်ဒေသတွေမှာ မော်တော်ကားတွေ၊ စက်မှုလုပ်ငန်းတွေအများအပြားမရှိပေမယ့် သူတို့အနေနဲ့ လေထုညစ်ညမ်းမှုကို ခံစားနေရတာဟာ သူတို့ကိုယ်တိုင်လုပ်တဲ့ အမှိုက်မီးရှို့ခြင်းနဲ့၊ ယာခင်းတွေ၊ ရိုးပြတ်တွေကို မီးရှို့ခြင်းတို့ကြောင့် ဖြစ်ပါတယ်။
နေအိမ်တွေမှာဆိုရင်လည်း အမှိုက်ကို စနစ်တကျ ခွဲခြားစွန့်ပစ်တဲ့ အလေ့အကျင့်ကို မွေးမြူသင့်ပြီး မီးရှို့တတ်တဲ့ အလေ့အကျင့်ကို ဖျောက်ဖျက်ရပါမယ်။
ဒါဟာ အစိုးရက စည်းမျဉ်းစည်းကမ်းတွေချမှတ်မှ လိုက်နာရမယ့် အလုပ်မဟုတ်ဘဲ ကိုယ့်ရဲ့ကျန်းမာရေး၊ ကိုယ့်မျိုးဆက်တွေရဲ့ ကျန်းမာရေးအတွက် ကိုယ်တိုင်သိရှိ လုပ်ဆောင်ရမယ့် အလုပ်ဖြစ်ပါတယ်။
တိုက်တွန်းချက်
ကမ္ဘာကြီးပူနွေးမှုကြောင့် ရာသီဥတုတွေ ဖောက်လွဲဖောက်ပြန်ဖြစ်နေတာပါ။ ရာသီဥတုတွေဖောက်လွဲ ဖောက်ပြန်ဖြစ်မှုကြောင့် ကမ္ဘာသူကမ္ဘာသားတွေ အနေနဲ့ မိုးခေါင်ရေရှားမှု၊ မုန်တိုင်းတိုက်ရေကြီးမှု၊ အပူလှိုင်းဖြတ်မှု၊ အအေးလှိုင်းဖြတ်မှုတွေကိုခံစားနေရပြီး အဲဒီရဲ့အကျိုးဆက်အနေနဲ့ အစာရေစာငတ်မွတ် ခေါင်းပါးမှုကိုပါ ရင်ဆိုင်လာနေရပါတယ်။
လူသားတွေဟာ အစာရေစာစားသောက်ပြီး အသက်ရှင်နေရသူတွေဖြစ်တဲ့အတွက် အစားအစာတွေသာ မရရှိတော့ရင် လူသားမျိုးနွယ်စုကြီးတစ်ခုလုံး ပျက်သုဉ်းသွားဖွယ်ရာသာ ရှိပါတယ်။
တချို့လူတွေကတော့ အစားအစာတွေကိုဘယ်ကရလဲဆိုရင် ဆိုင်ကဝယ်လို့ရတယ်လို့ ဆိုချင်ပါတယ်။ တကယ်တမ်းမှာ စိုက်ပျိုးထုတ်လုပ်ရေးတွေ မရှိတော့ဘူးဆိုရင် ဆိုင်တွေကနေလည်း ဝယ်လို့ရတော့မှာ မဟုတ်ပါဘူး။
ဒါကြောင့် အလေးအနက်ထား တွေးကြည့်မယ်ဆိုရင် လေထုညစ်ညမ်းမှုဆိုတာ လူသားမျိုးနွယ်စုတစ်ခုလုံး ပြုတ်ပြုတ်ပြုန်း သွားစေမယ့် အရေးဖြစ်ပါတယ်။
ဒီလိုအရေးကို လူသားတွေက လျစ်လျူမရှုဘဲ စနစ်တကျ တိုက်ဖျက်သွားမယ်ဆိုရင်တော့ အသက်ရှည် ကျန်းမာတဲ့ လူသားတွေအဖြစ် မိသားစုကောင်းကျိုး၊ ရပ်ရွာကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုးနဲ့ နောက်ဆုံးမှာ လူသားတစ်ရပ်လုံး အတွက် ကောင်းကျိုးတွေကို ဆောင်ကြဉ်းသွားနိုင်မှာ ဖြစ်ကြောင်း တိုက်တွန်းရေးသား တင်ပြလိုက်ရပါတယ်။