သတိတမံ ဉာဏ်ကိုကတုတ် ရွေးထုတ်ပါစို့ ကိုယ်စားလှယ်ကောင်းများ

ယမန်နေ့မှ အဆက်

(၃) နိုင်ငံ၏အမျိုးသား   အကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေး(၃)ပါးကို ထိန်းသိမ်း စောင့်ရှောက်နိုင်သူ အမျိုးသားအကျိုးစီးပွား (National Interest)ဆိုသည်မှာ ''နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် မရှိမဖြစ်လိုအပ်သည့် အချက်ဖြစ်သည်။'' မြန်မာနိုင်ငံသည် ပြည်ထောင်စုစနစ် ကျင့်သုံးသည့် နိုင်ငံဖြစ်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် စုစည်းတည်ထောင်ထားသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ နိုင်ငံအတွက် အရေးအကြီးဆုံး အကျိုးစီးပွားမှာ ''တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး'' ပင်ဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် မြန်မာ့သမိုင်းစဉ် တစ်လျှောက်၌  မည်မျှအရေးကြီးကြောင်း သမိုင်းက သက်သေပြပြီးဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး၊ ပြည်သူလူထုအားလုံး၊ တိုင်းရင်းသား အားလုံး စုစည်းညီညွတ်ချိန်၌ မြန်မာသည် ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော်တို့ကို ဒေသတွင်း အင်အားကြီးနိုင်ငံအဖြစ် အောင်အောင်မြင်မြင် ထူထောင်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံး စုစည်းညီညွတ်မှု နည်းပါးသော အချိန်၌မြို့ပြ နိုင်ငံငယ်များအဖြစ်သာ ကွဲကွဲပြားပြားညှိုးငယ်စွာ ရပ်တည်ခဲ့ရသည်ကို တွေ့မြင်ရသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲလျှင်  ပြည်ထောင်စုပြိုကွဲမည် ဖြစ်သကဲ့သို့ တိုင်းပြည်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဆုံးရှုံးမည်ဖြစ်သည်။

ယနေ့အချိန်အခါတွင် အများသူငါ၏ ယုံကြည်ကိုးစားမှုဖြင့်  ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်လာမည့်သူများသည် အခြားသူများထက်  ဒို့တာဝန်အရေး (၃)ပါးကို ကာကွယ်စောင့်ရှောက်နိုင်စွမ်း ရှိရပါမည်။

ကိုယ်စားလှယ်လေးများမှသည် ကိုယ်စားလှယ်ကြီးများ ဖြစ်လာမည်ဖြစ်ပြီး  ထိုမှတစ်ဆင့်  မမျှော်မှန်းနိုင်သော တိုင်းပြည်တာဝန်များကို ထမ်းဆောင်ခွင့် ရနိုင်ပါသေးသည်။

 ကိုယ်စားလှယ်ကြီးများ ကိုယ်တိုင် ပြည်ထောင်စုကြီး မပြိုကွဲဖို့နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲဖို့ ပါးနပ်သည့်နိုင်ငံရေး အမြင်များရှိဖို့ လိုအပ်ပေသည်။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့ရန် ထက်မြက်သည့် ကာကွယ်ရေး အမြင်များ လိုအပ်ပါသည်။ လူပြိန်းကြိုက် နိုင်ငံရေး လှုံ့ဆော်မှုများဖြင့် ပြည်သူကိုကာကွယ် စောင့်ရှောက်ခြင်းဟု  အမည်ခံပြုမူချက်များသည် တစ်နည်းအားဖြင့် အဆိပ်ခတ်နေသလိုပါပင်။ လက်တွေ့တွင် ထိုကိုယ်စားလှယ်များ၏ အဆိပ်ကို အဆိပ်မှန်းမသိသော ပြည်သူတွေမှတစ်ဆင့် ဒေသအကျိုးသာ နစ်နာရပါသည်။ ဒေသတစ်ခုမှသည် ဒေသပေါင်းများစွာ နစ်နာလာပါက တိုင်းပြည်အတွက် ဆုံးရှုံးမှုဖြစ်လာပါသည်။ ထို့ကြောင့် ဒို့တာဝန်အရေး (၃) ပါးကို အမှန်တကယ်  တိတိကျကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်သူဖြစ်ဖို့ အရေးကြီးလှပါသည်။ ထိုသို့မဟုတ်ပါဘဲ ပြည်ထောင်စုပြိုကွဲအောင် လုပ်နေသော်လည်းမသိ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲအောင် ဖန်တီးနေခြင်းကိုလည်း နားမလည်၊ အချုပ်အခြာ အာဏာသည် မိမိအိမ်တံစက်မြိတ် လုံခြုံရေးဟု နားလည်နေမည်ဆိုပါလျှင် မြန်မာ့ရှေ့ရေးသည်ကား မတွေးရဲစရာပါပင်။

(၄) တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို နားလည်သဘောပေါက်သူ တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍဆိုသည်မှာ အကြောင်းတရားများကြောင့် ရရှိလာသော အကျိုးတရားများ ဖြစ်သည်။ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို သဘောပေါက် နားလည်ရန်အတွက် တပ်မတော် ဘာတွေလုပ်ခဲ့သည်။ ဘာတွေလုပ်နေသည်။ ဘာတွေ ရည်မှန်းချက်ရှိသည် ဆိုတာကို သဘောပေါက်ရန်လိုသည်။ သမိုင်းစဉ် အဆက်ဆက်ပြည်သူများ၏ လိုလားချက်၊ နိုင်ငံတော်၏ ပကတိ လိုအပ်ချက်မှာ မည်သည့်အရာများဖြစ်ပြီး ၎င်းလိုလားချက် (တစ်နည်းအားဖြင့်) အမျိုးသားအရေး၊ အမျိုးသားနိုင်ငံရေးကို  တပ်မတော်က မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ဆိုသည်မှာ တပ်မတော်၏အမျိုးသား နိုင်ငံရေး အခန်းကဏ္ဍပင်ဖြစ်သည်။

တပ်မတော်သည် ခေတ်အဆက်ဆက် သမိုင်းပေး တာဝန်ကို ကျေပွန်ခဲ့ပါသည်။  သမိုင်းပေးတာဝန်ဆိုသည်မှာ သမိုင်းစဉ်ဆက်  ကာလတစ်လျှောက်ရှိ ပြည်သူတို့၏ လိုအပ်ချက်၊ နိုင်ငံတော်၏ လိုအပ်ချက်၊ ခေတ်စနစ်၏ လိုအပ်ချက်ပင်ဖြစ်ပါသည်။ လွတ်လပ်ရေး မရမီခေတ် မြန်မာတို့၏လိုလားချက် မြန်မာ့အမျိုးသား အကျိုးစီးပွားမှာ ''လွတ်လပ်ရေးသည်ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည်တတိယ'' ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် ပြည်သူ့ရင်မှ ပေါက်ဖွားလာသော   ပြည်သူ့သားကောင်းများဖြင့် တပ်မတော်အား ဖွဲ့စည်းတည်ထောင်ခြင်း၊ ပြည်သူတို့နှင့် လက်တွဲ၍ လွတ်လပ်ရေး တိုက်ပွဲဆင်နွှဲခြင်းတို့ကို အသက်၊ သွေး၊ ချွေးနှင့်ဘဝများ ပေးဆပ်၍သမိုင်းပေး တာဝန်ကို ထမ်းဆောင်ခဲ့ရသည်။

လွတ်လပ်ရေးရပြီး ''တိုင်းပြည်ကနုနု၊ မုန်တိုင်းက ထန်ထန်'' ပြည်တွင်းသောင်းကျန်းမှု ပတ်လည်ဝိုင်းပြီး ပြည်ပနိုင်ငံများက  ရန်ကုန်အစိုးရဟုနှိမ့်ချ ခေါ်ဝေါ်ခံနေရသည့် ကာလအတွင်း၌ တပ်မတော်၏ ရုန်းကန် လှုပ်ရှားရမှုမှာ ခက်ခဲ၊ ပင်ပန်း၊ ဆင်းရဲကျပ်တည်း လွန်းလှသည်။ ၎င်းခေတ်ကာလက ပြည်သူတို့လိုလားချက်နှင့် သမိုင်းက ပေးအပ်လာသော တာဝန်နှင့် အမျိုးသား အကျိုးစီးပွားမှာ ''တည်ငြိမ်အေးချမ်းရေး'' ပင်ဖြစ်သည်။ ရှိသည့်အင်အားကို အစွမ်းကုန်စုစည်း၍ မဆုတ်မနစ်သောဇွဲ၊  လုံ့လ၊  သတ္တိတို့ဖြင့်  ပြည်တွင်း သောင်းကျန်းမှုကို ပြည်သူတို့နှင့် လက်တွဲနှိမ်နင်းခဲ့ရသည်။ အင်အားကြီးမားလှသည့် ကူမင်တန်တရုတ်ဖြူ ကျူးကျော်သူတို့၏ ရန်ကိုလည်း ပြည်သူ့အင်အား ရယူ၍ ချေမှုန်းခဲ့ရသည်။

ပြည်တွင်းသောင်းကျန်းမှု၊ ပြည်ပကျူးကျော်မှုများကို သမိုင်းပေးတာဝန် ကျေပွန်စွာ ထမ်းဆောင်၍ နှိမ်နင်းပြီးရုံသာ ရှိသေးသည့်အချိန်၌    ပြည်တွင်းနိုင်ငံရေး အင်အားစုများ၏ မညီညွတ်မှု၊ အုပ်စုဖွဲ့တိုက်ခိုက်မှုများ မှတစ်ဆင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ ပြည်နယ်များ အရေးကြောင့်ဖြစ်လာသည့် ပြည်ထောင်စုပြိုကွဲမည့် အန္တရာယ်တို့ကိုလည်း အချိန်မီ ကာကွယ်ပေးခဲ့ရသည်။ ထိုခေတ်ထိုအခါက  သမိုင်းပေး တာဝန်ဖြစ်သည့် ''ပြည်ထောင်စုမပြိုကွဲရေး'' တာဝန်ကို တပ်မတော်ကနိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ရယူထိန်းသိမ်း စောင့်ရှောက်ပေးခြင်းဖြင့်  နိုင်ငံတော်နှင့်ပြည်သူ အပေါ်တာဝန်ကျေပွန်ခဲ့သည်။ နိုင်ငံတော်၊ ပြည်သူလူထုနှင့် ခေတ်စနစ်၏ တောင်းဆိုချက်အရ ''ဆိုရှယ်လစ် လူ့ဘောင်တည်ဆောက်ရေး'' တည်းဟူသော သမိုင်းပေး တာဝန်ကိုလည်း တပ်မတော်က ကျရာ ကဏ္ဍမှပါဝင်ဆောင်ရွက်ခဲ့ရသည်။

နိုင်ငံရေး၊   စီးပွားရေး အကျပ်အတည်းများနှင့် ပြည်တွင်း၊ ပြည်ပသွေးထိုး လှုံ့ဆော်မှုများကြောင့် ၁၉၈၈ ခုနှစ် အရေးအခင်း ပေါ်ပေါက်လာခဲ့ရပြီး ''တောမီးလောင် တောကြောင်လက်ခမောင်းခတ်'' ၍ နိုင်ငံတစ်ဝန်း မင်းမဲ့စရိုက်ဆန်ဆန် ''သူတစ်လူငါတစ်မင်း''။ ''နယ်တစ်နယ် ဓားတစ်စင်း'' ဖြစ်နေပြီး အစိုးရ၏ အုပ်ချုပ်မှု

ယန္တရားတစ်ခုလုံး မလှုပ်ရှားနိုင်တော့သည့် အချိန်၊ ပြည်ပမှလည်း မြန်မာ့ရေပိုင်နက်ထဲအထိ စစ်သင်္ဘောအုပ်စု တစ်စုဖြင့် ကျူးကျော် ဝင်ရောက်လာချိန်၌ တပ်မတော်အပေါ် ကျရောက်လာသော  သမိုင်းပေးတာဝန်မှာ ''ပြည်ထောင်စုမပြိုကွဲရေး၊  တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး'' သာ ဖြစ်ပါသည်။ ၎င်းသမိုင်းပေးတာဝန်များကို တပ်မတော်က နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ရယူလျက် ဖြေရှင်းပေးခဲ့ရသည်။  တရားဥပဒေ စိုးမိုးမှုရရှိအောင် အမြန်ဆုံးဆောင်ရွက် ပေးခြင်း၊ တည်ငြိမ်အေးချမ်းရေးနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု ရှိအောင် ဆောင်ရွက်ပေးခြင်းတို့ဖြင့်  နိုင်ငံတော်နှင့် ပြည်သူအပေါ်တာဝန်ကျေပွန် ခဲ့သည်။ တပ်မတော်ကိုလည်း ''အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီ မျိုးချစ်တပ်မတော်'' ဖြစ်အောင် အရှိန်အဟုန်ဖြင့် တည်ဆောက်ခဲ့ရသည်။ ပြည်သူလူထု လိုလားချက်ဖြစ်သည့် ''ပါတီစုံဒီမိုကရေစီစနစ်'' အတွက် အခြေခံအဆောက်အဦများ၊ ဖွဲ့စည်းမှုများ၊ ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ရပါသည်။

တပ်မတော်သည် ခေတ်အဆက်ဆက် သမိုင်းပေး တာဝန်များကို တပ်မတော်ခေါင်းဆောင်ကြီးများ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏   ဦးဆောင်မှုဖြင့် ကျေပွန်စွာ ထမ်းဆောင်ရင်း နိုင်ငံတော်၏ အမျိုးသားရေး  တာဝန်များကို လက်ဆင့်ကမ်း အမွေအဖြစ် ယနေ့တိုင် ကျေပွန်စွာ ဆောင်ရွက်လျက်ရှိသည်။   ပြည်သူတို့ လိုလားတောင့်တလျက်ရှိသည့် ''ပါတီစုံဒီမိုကရေစီ'' စနစ်အား  တပ်မတော်က  လမ်းခင်းပေးခဲ့သည်။ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရက ပါတီစုံဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတော်အား ဦးဆောင်နေချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ပကတိ လိုအပ်ချက်ဖြစ်သည့် ''တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး'' တို့ကို သမိုင်းပေးတာဝန်အဖြစ်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏  ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး   သမားရိုးကျစစ်ပွဲများကို အဆင့်မီ ဆင်နွှဲနိုင်စွမ်းရှိသော ခေတ်မီတပ်မတော် (Standard Army) အဖြစ် တည်ဆောက်လျက်ရှိသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်ချက်အတိုင်း ''ပြည်သူက အားကိုးရသော၊ နိုင်ငံတော်က အားထားရသော'' တပ်မတော်ဖြစ်စေရေး ဆောင်ရွက်လျက် ရှိသည်။

ဤသည်များကပင်  တပ်မတော်၏  အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍဖြစ်သည်။   

၎င်းခိုင်မာလှသော အချက်အလက် အထောက်အထားများနှင့် စွမ်းဆောင်နိုင်ချက်တို့ကို လျစ်လျူရှု၍ တပ်မတော်အား နည်းမျိုးစုံဖြင့် သိက္ခာချနေသူများ၊ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍမှ တပ်မတော်အား ဖယ်ထုတ်လိုသူများ၏ ရည်ရွယ်ချက်နှင့် အတွင်းသဘောကို ယနေ့အချိန်အခါတွင် ပြည်သူလူထုက ပိုမိုသိမြင်လာနိုင်ပြီ ဖြစ်ပါသည်။ အသိ၌ သတိကပ်လျက် ဘယ်လိုလူကို ကိုယ်စားလှယ်အဖြစ်     ရွေးချယ်သင့်သည်ကိုသာ  ရဲဝံ့စွာ ဆုံးဖြတ်ရတော့မည်ဖြစ်ပါသည်။

(၅) အမျိုး၊ ဘာသာ၊ သာသနာကိုနည်းမှန်၊ လမ်းမှန်ဖြင့် စနစ်တကျ ထိန်းသိမ်းနိုင်သူ''အမျိုး၊ ဘာသာ၊ သာသနာ'' ဟု   ဆိုလိုက်လျှင် လစ်ဘရယ်အမည်ခံ မျိုးဖျက်များက နှာခေါင်းရှုံ့ကြသည်။ အမျိုးသားရေး အစွန်းရောက်၊ ဘာသာရေး အစွန်းရောက် တံဆိပ်ကပ်၍ နာမည်ဖျက်ကြသည်။

စင်စစ်မြန်မာ တစ်မျိုးသားလုံးကို  သူ့ကျွန်အောက် သပေါက်ဘဝမှ  လွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့သည်မှာ ''အမျိုး၊ ဘာသာ၊ သာသနာ'' သာဖြစ်သည်။ လွတ်လပ်ရေး ဆုံးရှုံးပြီးနောက် မြန်မာ့လွတ်လပ်ရေးကို စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ရယူနိုင်ရေး ပထမဆုံးပေါ်ပေါက်ခဲ့သည့် စည်းလုံးညီညွတ်သောအမျိုးသားရေး အဖွဲ့ကြီးမှာ ''ဗုဒ္ဓကလျာဏယုဝ အသင်းကြီး'' (YMBA)) ဖြစ်သည်။ ထိုအသင်းကြီး၏ ကြွေးကြော်သံမှာ ''အမျိုးကိုချစ်ပါ၊ ဘာသာကိုလေးစားပါ၊ သာသနာကိုချီးမြှင့်ပါ၊ ပညာရေးကို အားပေးပါ'' ဟု ဖြစ်သည်။ ၎င်းကြွေးကြော်သံဖြင့် လွတ်လပ်ရေးတိုက်ပွဲ စတင်ခဲ့သည်၊ လွတ်လပ်ရေး ရရှိခဲ့သည်ကို မမေ့အပ်ပေ။

အမျိုး၊ ဘာသာ၊  သာသနာနှင့် သက်ဆိုင်သော အဓိပ္ပာယ်ဖွင့်ဆိုချက်၊ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များ များစွာရှိသော်လည်း  အားလုံးခြုံငုံမိစေရေး ဆောင်ရွက်ရာတွင် ''အမျိုးသားရေး စိတ်ဓာတ်''သည်  ပဓာနကျသည်။  ယနေ့ကမ္ဘာ၌ နိုင်ငံတိုင်း၊ လူမျိုး တိုင်းသည်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲယှဉ်ပြိုင်နေရသည်။ ရပ်တည်ရေးအတွက် စဉ်ဆက်မပြတ် တည်ဆောက်နေရသည်။ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာအတွက် သမိုင်းနှင့်ချီ ကြိုးစားခဲ့ကြရပါ သည်။  နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးရေး ကို ဦးတည်သည့် ''ရွေ့လျားနိုင်သည့်အား''တစ်နည်းအားဖြင့်  ''အရွေ့'' လိုအပ်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်၊ ခိုင်မြဲစွာရပ်တည်နိုင်မှုကို ဦးတည်သည့်  ''ရပ်တည်နိုင်သောအား'' တစ်နည်းအားဖြင့် ''အရပ်'' လိုအပ်မည်ဖြစ်သည်။ နိုင်ငံအတွက်ကြီးမားသော ''အရွေ့''တစ်ခုရွေ့စေရေး  အမျိုးသားရေး စိတ်ဓာတ်ဖြင့်ဖော်ဆောင်ကြသည်။ အလားတူရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ ကောင်းမွန်သည့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်း၍ အမျိုးသားရေး စရိုက် လက္ခဏာများကို ကာကွယ်နိုင်ရေး၊ Globalization နှင့်အတူ ပါလာသည့် ပုံပန်းဖျက်အပြုအမူ၊ အတွေးအခေါ်များကို ကာကွယ်နိုင်ရေး သက်ရောက်မှုရှိသည့် ''အရပ်'' တစ်ခုဖြစ်စေရေး ၎င်းအမျိုးသားရေး စိတ်ဓာတ်အား သုံးစွဲခဲ့ကြသည်။

အမျိုးသားရေးစိတ်ဓာတ်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ''အမျိုးသားရေး စိတ်ဓာတ်လို့ ပြောလိုက်တာနဲ့ အချို့ကလည်း လူမျိုးဆိုတဲ့ ကျဉ်းမြောင်းတဲ့အမြင်နဲ့မြင်ချင်ကြပါတယ်။ ကျွန်တော် မကြာခဏ ပြောနေတဲ့  'မြန်မာနိုင်ငံသားအားလုံး မြန်မာစိတ်မွေးပြီး အမျိုးနဲ့တိုင်းပြည်ကို ချစ်ရမယ်။ နိုင်ငံသားအားလုံးရဲ့ အကျိုး၊ တိုင်းပြည်ရဲ့အကျိုးကို သယ်ပိုးနိုင်ရမယ်' လို့ဆိုလိုခြင်းဖြစ်ပါတယ်'' ဟု အခမ်းအနား တစ်ခု၌ ပြောဆိုခဲ့သည်ကို မှတ်သားရပါသည်။

ဘာသာ၊ သာသနာနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားအများ စုစုစည်းနေထိုင်ရာ နိုင်ငံဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ၈၅ ရာခိုင်နှုန်းကျော်သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်မှာ  အရှိတရားပင် ဖြစ်ပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပုဒ်မ ၃၆၁ နှင့် ၃၆၂ တို့၌ ''နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်'' ဟု လည်းကောင်း၊ ''နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို  ဤဖွဲ့စည်းပုံအခြေခံ ဥပဒေအာဏာ တည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်'' ဟု လည်းကောင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အမျိုးသားရေး စရိုက်လက္ခဏာတို့သည် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများမှ  ဆင်းသက်လာသည်မှာလည်း သမိုင်းစဉ်ဆက် တည်ရှိခဲ့သည့် အရှိတရား၊ အမှန်တရားပင်ဖြစ်ပါသည်။ ဘာသာပျောက်လျှင်  ယဉ်ကျေးမှုပျောက်မည်၊  ယဉ်ကျေးမှုပျောက်လျှင် အမျိုးသားရေးစိတ်ဓာတ် ပျောက်မည်။ အမျိုးသားရေး စိတ်ဓာတ်ပျောက်လျှင် နိုင်ငံပါပျောက်မည်ကို သတိချပ်လျက် အမျိုး၊ ဘာသာ၊ သာသနာကို နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျ ထိန်းသိမ်းနိုင်သူများ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ရေးသည် ပြည်သူလူထု၏ သမိုင်းပေးတာဝန်သာ ဖြစ်ကြောင်း အသိပေးလိုပါသည်။     

(၆) ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးခြင်း မခံရသူ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ  အခြေခံဥပဒေနှင့် ပတ်သက်၍ လမ်းညွှန်ပြဋ္ဌာန်းချက် (၇) ချက်အား ရန်ကုန်မြို့မ၊ လမ်းမတော်အမတ်တစ်ဖြစ်လဲ     ဦးအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)က တင်သွင်းခဲ့ရာ အောက်ပါ အချက်(၃)ချက် ပါဝင်ခဲ့လေသည်။

''ကျွန်တော်တို့လိုချင်တာကတော့ နိုင်ငံကြီးနှစ်နိုင်ငံ အကြားမှာ   နယ်နိမိတ်ခြား ပေးရုံလောက်ဖြစ်တဲ့ (Buffer State) မျိုးလို နယ်ခြားနိုင်ငံ ကလေးမျိုးလည်း မဖြစ်ချင်ဘူး'' ''နောက်ပြီးတော့ နိုင်ငံကြီးတစ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု အထူးတလည်ခံရတဲ့ (Vassal State) နိုင်ငံမျိုးလည်း မဖြစ်ချင်ဘူး'' ''ကျွန်တော်ဖြစ်စေချင်တာကတော့ ဆန်မရှိသောက်စားကြီးပဲ ခေါ်ခေါ်၊ ကျွန်တော်တို့ဖြစ်စေချင်တဲ့ နိုင်ငံကတော့ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတော်ဖြစ်ချင်တယ်'' နှစ်ပေါင်း   ၇ဝ    ကျော်ခဲ့ပြီဖြစ်သည့်တိုင် ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် ယနေ့ မြန်မာ့နိုင်ငံရေးကို ကြိုတင်မြော်တွေး၍ စဉ်းစားခဲ့လေသလားဟု ထင်မြင်မိပါသည်။ စာရေးသူတို့ နိုင်ငံတွင်သာမက အခြားနိုင်ငံများတွင်လည်း ပြည်ပအဖွဲ့အစည်း နိုင်ငံခြားသားများ၏ လွှမ်းမိုးမှုကြောင့် ကိုယ့်အိမ်တွင်းရေး ပြဿနာများ ကမ္ဘာသိဖြစ်ပြီး မရှူနိုင် မကယ်နိုင်ဖြစ်ခဲ့ရသော သာဓကများစွာ  ရှိခဲ့ပြီးဖြစ်ပါသည်။  ကိုယ့်တိုင်းပြည်တွင် ကိုယ်နေထိုင်ပါလျက် သူတစ်ပါး၏ အချုပ်အခြာအာဏာဖြင့် နေထိုင်ရသည့်အခါ အစိုးရနှင့်ပြည်သူများ ထိပ်တိုက် တွေ့ကြပါတော့သည်။ နိုင်ငံခြားကို မလွန်ဆန်နိုင်သော အစိုးရနှင့် ကိုယ်ပိုင်အချုပ်အခြာ အာဏာကို တန်ဖိုးထားသောပြည်သူများ၏  အဆုံးသတ်ဇာတ်လမ်းသည် ပြည်တွင်းရေး ပဋိပက္ခများဖြင့် နိဂုံးချုပ်ကြပါသည်။ထိုသို့မဖြစ်စေရန် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိသည်ဟု ခံယူလျက်  မှန်ကန်သော ဆုံးဖြတ်ချက်ကို ၂ဝ၂ဝ ရွေးကောက်ပွဲ၌ ပြသရတော့မည်ဖြစ်သည်။

အထက်ပါ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်ပြီး   အကြံပြုခဲ့သည့် အချက်(၆)ချက်သည် သမိုင်းသင်ခန်းစာများ၊ လက်တွေ့ ကြုံတွေ့နေရသည့် အတွေ့အကြုံများ၊ မြန်မာ၏ ပကတိလိုအပ်ချက်များမှ  ဖော်ထုတ်ရရှိသည့်  အကြောင်း အရာများအပေါ် အခြေခံထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်၊ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ များသည် အခြားသော ကမ္ဘာ့နိုင်ငံများ၏ ရွေးကောက်ပွဲများနှင့်မတူ တစ်မူကွဲပြားခဲ့သည်။  အကြောင်းမှာ ရွေးကောက်ပွဲတိုင်း မည်သည့် ဆူပူလှုပ်ရှားမှုမှ မရှိဘဲ တည်ငြိမ်အေးချမ်းစွာ ပြီးစီးသွားသောကြောင့်ဖြစ်သည်။   ဒီမိုကရေစီအသွင် ကူးပြောင်းကာလအား တည်တည်ငြိမ်ငြိမ် ပုံဖော်ပေးနိုင်ခဲ့သည့် တပ်မတော်၏ ဆောင်ရွက်ချက်များအား မှတ်ကျောက်တင်ရမည်သာ ဖြစ်၏။ ယခု ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ သည်လည်း လွတ်လပ်၍ တရားမျှတသော  ရွေးကောက်ပွဲဖြစ်ရန် အရေးကြီးသကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးကို ထိထိရောက်ရောက် သယ်ပိုးနိုင်မည့် ကိုယ်စားလှယ်ကောင်းများကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါသည်။

မြန်မာတို့သည်ကြောင်းကျိုး ဆက်စပ်မှုဆင်ခြင်ဉာဏ် ထက်သန်လှသော လူမျိုးများဖြစ်ပါသည်။ ၎င်းကဲ့သို့ လူမျိုးများရသင့်ရထိုက်သော ခေါင်းဆောင်နှင့် အစိုးရနှင့်ပြည်သူ့ ကိုယ်စားလှယ်များမှာ ကြောင်းကျိုးဆက်စပ်မှု ဆင်ခြင်ဉာဏ်ထက်သန်ပြီး  တိုင်းပြည် နှင့်ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်သည့် ပညာနှင့်ယှဉ်သော  အစိုးရနှင့်  ပြည်သူ့ ကိုယ်စားလှယ်များသာဖြစ်ရပါမည်။ မကြာမီလာတော့မည့် ရွေးကောက်ပွဲ၌ ပြည်သူများ အနေဖြင့် ''သတိတမံ၊ ဉာဏ်ကိုကတုတ်'' ပြုလုပ်လျက် ပြည်သူ့ကိုယ်စားလှယ်လောင်း၊ ကိုယ်စားလှယ်ကောင်းများကို ရွေးထုတ်နိုင်ရေး ရေးသား လိုက်ရပါသည်။  ။

ဇော်မင်းထွန်း(ရေနံချောင်း)၊ နွေကံ့ကော်(မြို့လှ)