ဇီဝလောင်စာသုံး Stardust ရှေ့ပြေးပုံစံဒုံးပျံကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်

BluShift အာကာသယာဉ်တည်ဆောက်ရေးကုမ္ပဏီသည် ဇီဝလောင်စာကို အသုံးပြုထားသော Stardust 1.0 ရှေ့ပြေးပုံစံ ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ကြောင်း သိရသည်။

ထိုဒုံးပျံပစ်လွှတ်မှုကို အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း မိန်းပြည်နယ်ရှိ လော်ရင်းလေတပ်အခြေစိုက် စခန်းဟောင်း၌ ဇန်နဝါရီ  ၃၁  ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် ပြုလုပ်ခြင်းဖြစ်ကြောင်း     အဆိုပါ ကုမ္ပဏီ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဖော်ပြထားသည်။

အောက်ဆီဂျင်အရည်နှင့် ဇီဝလောင်စာကို ရောနှောအသုံးပြု၍ ထုတ်လုပ်ထားသော Stardust  ဒုံးပျံကို   နောက်တစ်ကြိမ် ပြန်သုံးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အကျိုးပြုနိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုဒုံးပျံအနေဖြင့်  ဖားမောက်အထက်တန်းကျောင်းမှ ကျောင်းသားများပြုလုပ်ထားသော သိပ္ပံလက်တွေ့စီမံကိန်းများမှ ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းသုံးမျိုးကို သယ်ဆောင်သွားသည်။

ဒုံးပျံနှင့်ကုန်ပစ္စည်းများ အားလုံးသည် လွှတ်တင်ပြီးနောက် ခဏအတွင်း လေထီးဖြင့်မြေပြင်သို့ ပြန်လည် ဆင်းသက်ရောက်ရှိကြောင်းနှင့်  စမ်းသပ်မှုအတွင်း  ၎င်းဒုံးပျံသည် အမြင့်ပေ ၅၀၀၀ အောက်ရောက်ရှိကြောင်း သိရသည်။    

Ref: Sputnik