ရာဇဝင်ထဲက တက္ကသိလာ

တက္ကသိလာဆိုတာ မြန်မာရာဇဝင်တွေ၊  ပုံပြင်တွေနဲ့ရင်းနှီးကျွမ်းဝင်သူတွေ အတွက်တော့ သူ့အကြောင်းကို သိပြီးကြပါပြီ။

အများအားဖြင့် မင်းညီမင်းသားတွေ အရွယ်ရောက်ရင် တက္ကသိလာကိုသွားပြီး အဋ္ဌာရသ ၁၈ ရပ်ဆိုတဲ့ပညာတွေကို သုံးနှစ်သုံးမိုး သင်ယူကြရတဲ့ နေရာရယ်လို့ အသိများတာပါ။

တက္ကသိလာဆိုတာ ရှေးခေတ်အိန္ဒိယနိုင်ငံအတွက်တော့ အထင်ရှားဆုံးနဲ့ အရေးအပါဆုံးမြို့ ဖြစ်ပါတယ်။ ရှေးခေတ်အိန္ဒိယ နိုင်ငံဆိုတာ မျက်မှောက်ခေတ် ပါကစ္စတန်နိုင်ငံတို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အိန္ဒိယနိုင်ငံတို့ ပါဝင်တဲ့အထိကို ကြီးမားကျယ်ပြန့်ပါတယ်။

ရှေးဟောင်းမြို့ဖြစ်တဲ့ တက္ကသိလာမြို့ရဲ့ အပျက်အစီးအပိုင်းအစတွေကိုတော့ ယနေ့ခေတ် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည် နယ်  မျက်မှောက်ခေတ်တက္ကသိလာမြို့အတွင်းထဲမှာပဲ တွေ့ရတာပါ။ ခန့်မှန်းခြေအားဖြင့် ရာဝယ်ပင်ဒီနဲ့ အစ္စလာမ်မာ ဘတ်မြို့တို့ရဲ့ မိုင် ၂၀ အကွာမှာတည်ရှိတာ ဖြစ်ပါတယ်။

တချို့အပျက်အစီးအပိုင်းအစတွေကတော့ အာချေးမနစ်အင်ပါယာအုပ်စိုးတဲ့ ဘီစီ ၆ ရာစုဝန်းကျင်ခန့်ကလို့ ခန့်မှန်းရ ပါတယ်။

ရှေးခေတ်တက္ကသိလာမြို့ဟာ ပင်မကုန်သွယ်ရေး လမ်းကြောင်းသုံးခုရဲ့လမ်းဆုံဗဟိုချက်မှာ တည်ရှိတဲ့အတွက် အလွန်ကိုပဲ စည်ပင်ဝပြောလှပါတယ်။

တက္ကသိလာမြို့ထဲမှာ  ယနေ့ခေတ်အခေါ် တက္ကသိုလ်လို့ခေါ်တဲ့ ပညာသင်ကြားရာဌာနကြီးတစ်ခု ရှိပါတယ်။ အဲဒီ တက္ကသိုလ်ကြီးဟာ ကမ္ဘာပေါ်မှာ ပထမဆုံးတက္ကသိုလ် ဒါမှမဟုတ် ပထမဆုံးသော တက္ကသိုလ်တွေထဲက တစ်ခုဖြစ်တယ်လို့ သတ်မှတ်ခံထားရပါတယ်။

ဒါကြောင့်     အဲဒီတက္ကသိုလ်ဟာ ကျွန်တော်တို့ရဲ့   မြန်မာရာဇဝင်တွေ၊ အိပ်ရာဝင်ပုံပြင်တွေထဲမှာ ပါတဲ့  မင်းညီမင်းသား တွေ သွားရောက်ပညာသင်ယူရာနေရာကြီး ဖြစ်တယ်လို့      ယူဆနိုင်ပါတယ်။

ဒီတက္ကသိုလ်ကြီးဟာ  ရာစုနှစ်ပေါင်း များစွာကြာတဲ့အထိ သင်ကြားရေးဌာနကြီးအဖြစ် တည်ရှိခဲ့ပြီး ကျောင်းသားပေါင်း များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အေဒီ ၅ ရာစုမှာတော့ ဖျက်ဆီးခံလိုက်ရပါတယ်။

တက္ကသိလာမြို့ပျက်ကြီးကိုတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်     မြို့ကြီးအဖြစ် ယူနက်စကိုက ၁၉၈၀ ပြည့်နှစ်မှာ သတ် မှတ်ခဲ့ပါတယ်။

 

တက္ကသိလာမြို့သမိုင်းကြောင်း

 

ကျောက်ခေတ်နှောင်းပိုင်းကာလကစလို့ တက္ကသိလာမြို့တည်ရှိရာနေရာမှာ လူတွေအခြေချနေထိုင်ခဲ့ဖွယ်ရှိပြီး အဲဒီမြို့ပျက်နေရာကနေ တွေ့ရတဲ့တချို့ အပျက်အစီးတွေက အစောဆုံးအနေနဲ့ ဘီစီ ၃၃၆၀ ဝန်းကျင်ခန့်က ဟာတွေဖြစ်တာ ကိုလည်း တွေ့ရပါတယ်။

တချို့အပျက်အစီးတွေကတော့ ဘီစီ ၂၉၀၀ ခန့်ကဖြစ်ပြီး အဲဒီကာလကတော့ အိန္ဒုတောင်ကြား လူနေမှုစနစ်ထွန်းကား တဲ့အချိန်ဖြစ်ပါတယ်။

ဒါပေမဲ့ အိန္ဒုတောင်ကြား လူနေမှုစနစ် ပျက်စီးသွားမှုနဲ့အတူ အဲဒီမြို့ကြီးကလည်း ပျက်စီးခြင်းသို့ရောက်ရှိပြီး  မြို့ပျက်ကြီး အဖြစ်စွန့်ပစ်ခံလိုက် ရပါတယ်။

အဲဒီမြို့မှာ ပထမဆုံးလူနေအခြေချမှုတွေ  ပြန်လည်စတင်တဲ့ အချိန်ကတော့ မှတ်မှတ်ရရဆိုရင် ဘီစီ ၁၀၀၀ ခန့်ကပါ။ ဘီစီ ၉၀၀ မှာတော့ တက္ကသိလာမြို့ဟာ ဒေသတွင်းကုန်သွယ်ရေး ကဏ္ဍမှာ အဓိကကျတဲ့နေရာကနေ ပါဝင်လာခဲ့ပါတယ်။

တက္ကသိလာမြို့က ဂန္ဓာရနိုင်ငံရဲ့အုပ်ချုပ်မှုအောက်မှာ တစ်စိတ်တစ်ပိုင်းနေခဲ့ရပေမယ့်လည်း မြို့ပြနိုင်ငံအဖြစ် အကြိမ် ကြိမ်ထူထောင်နိုင်ခဲ့ပါတယ်။

ကုန်စည်စီးဆင်းမှုအတွက် အချက်အချာကျတဲ့နေရာဖြစ်တဲ့  တက္ကသိလာမြို့ကို နိုင်ငံအများအပြားက လိုချင်တပ်မက်တဲ့ အတွက်လည်း အဲဒီမြို့ဟာ နိုင်ငံအများအပြားရဲ့ လက်အောက်ကို အကြိမ်ကြိမ် ကျရောက်ခဲ့ရပါတယ်။

ဘီစီ ၃၂၆ ခုနှစ်မှာ တက္ကသိလာမြို့ကို အစိုးရတဲ့ ဘုရင်အွန်ဖစ်ဟာ မဟာအလက် ဇန်းဒါးထံကို အသာတကြည်ပဲ လက်နက် ချပြီး မြို့ကိုအပ်လိုက်ပါတယ်။ အဲဒီအချိန်တုန်းက မဟာအလက်ဇန်းဒါးဟာ အိန္ဒုတောင်ကြားကို ဝင်ရောက်ကျူးကျော်တဲ့ အချိန်ပါ။

မဟာအလက်ဇန်းဒါး ကွယ်လွန်ပြီးနောက်   တက္ကသိလာမြို့ကိုအုပ်ချုပ်ဖို့ သူထားရစ်ခဲ့တဲ့ ဂရိအုပ်ချုပ်ရေးမှူးတွေဟာ ဘီစီ ၃၁၇ ခုနှစ်မှာ အဲဒီမြို့ကနေ မောင်းထုတ်ခံလိုက်ရပါတယ်။

အဲဒီနောက်မှာတော့ စန္ဒဂုတ်မောရိယက  တက္ကသိလာမြို့ အကြီးအကဲအဖြစ် တာဝန်ယူပြီး မြို့ကိုလည်း မြို့တော်အဖြစ် အဆင့်မြှင့်တင်ခဲ့ပါတယ်။

စန္ဒဂုတ်မောရိယရဲ့ မြေးတော်ဖြစ်တဲ့ အသောက ဘုရင်လက်ထက်မှာတော့ တက္ကသိလာမြို့ဟာ ဗုဒ္ဓဘာသာရဲ့ တရားဓမ္မ တွေကို သင်ကြားပေးရာ နာမည်ကျော်ဌာနကြီးတစ်ခု ဖြစ်လာပါတယ်။

ဘီစီ ၂ ရာစုအရောက်မှာ တက္ကသိလာ မြို့ဟာ အင်ဒို-ဂရိ ဘက်ထရီယာမင်းဆက်ရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီး အေဒီ ၄ ရာစုအလယ်လောက်မှာတော့  ဂုပတာအင်ပါယာလက်အောက် ပြန်ရောက်သွားကာ ဟင်းခတ်အမွှေးအကြိုင်များ၊ ပုလဲများ၊ ငွေထည်များ၊ မြင်းများနဲ့ ပိုးထည်များကြောင့် နာမည်ကျော်ကြားလာပြန်ပါ တယ်။

 

ပျက်စီးခြင်းသို့ဆိုက်ရောက်ချိန်

 

တက္ကသိလာမြို့ကြီးရဲ့ ပျက်စီးခြင်းစတင်ခဲ့တဲ့ အချိန်ကတော့ ဘက်ထရီယန်နွယ်ဖွား ကစ်ဒါရိုက်တို့ရဲ့ ကျူးကျော် သိမ်းပိုက်ခြင်း ကိုခံရတဲ့ အေဒီ ၄၅၀ မှာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဂုပတာအင်ပါယာရဲ့ ဘုရင်ဖြစ်တဲ့ စကန်ဒါဂုပတာက ကစ်ဒါရိုက်တို့ကို အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပေ မယ့်လည်း တက္ကသိလာမြို့ကြီးကတော့ အရင်လို နာလန်မထူလာနိုင်တော့ပါဘူး။

အေဒီ ၄၇၀ ဝန်းကျင်မှာ ဟွန်လူမျိုးတွေ ဟာ ပန်ဂျပ်ပြည်နယ်နဲ့ ဂန္ဓာရဒေသတို့ကိုကျူးကျော်ဝင်ရောက်လာပြီး တက္ကသိ လာမြို့မှာရှိတဲ့     ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတွေနဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ဖျက်ဆီးသွားခဲ့ကြပါတယ်။

ဟွန်နစ်အင်ပါယာလက်အောက်ခံဖြစ်နေတဲ့ အေဒီ ၅၀၀ နဲ့ ၅၄၀ ဝန်းကျင်မှာ တက္ကသိလာမြို့ရဲ့တိုးတက်မှုက ဆုတ်ယုတ်

လာပါတော့တယ်။

 

မွေးထုတ်ခဲ့တဲ့ အထင်ကရများ

 

တက္ကသိလာမြို့မှာရှိတဲ့ တက္ကသိုလ်က နေပေါ်ထွက်လာတဲ့နာမည်ကျော် ဆရာတွေ၊ ကျောင်းသားတွေ အများအပြားရှိပါတယ်။

ဥပမာအားဖြင့် ကောလိယလို့လူသိများတဲ့  စာဏကျအမတ်ကြီးဆိုရင်  ဒိသာပါမောက္ခတစ်ဦးဖြစ်ပြီး မောရိယအင်ပါယာကို ထူထောင်ရာမှာ စန္ဒဂုတ်ဘုရင်ကို အကြံဉာဏ်တွေ ပေးခဲ့တဲ့ မင်းတိုင်ပင် အမတ်လည်း ဖြစ်ပါတယ်။ စာဏကျဟာ အရင်ကတက္ကသိလာမှာ ပညာဆည်းပူးခဲ့သလို နောက်ပိုင်းမှာလည်း ဒိသာပါမောက္ခအဖြစ် ပညာသင်ကြားပေး ခဲ့ပါတယ်။

ဒါ့အပြင် ဗုဒ္ဓဝင်မှာမပါမဖြစ် တစ်ဦးဖြစ်တဲ့    သမားတော်ဇီဝကကြီးဟာလည်း တက္ကသိလာမှာ  ပညာဆည်းပူးခဲ့သလို ဂေါတမမြတ်စွာဘုရားနဲ့ ဗုဒ္ဓဘာသာကို ချီးမြှောက်တဲ့ ကောသလမင်းကြီးတို့ကို ရောဂါတွေပျောက်ကင်းအောင် ကုသပေး

နိုင်ခဲ့သူဖြစ်ပြီး ယနေ့ထိတိုင် နာမည်ကျော်ကြားနေဆဲ ဖြစ်ပါတယ်။

တစ်ချိန်က ဘယ်လောက်ပင် နာမည်ကျော်ခဲ့ပါတယ် ပြောပြော ဒီကနေ့အချိန်မှာတော့ တက္ကသိလာမြို့ကြီးဟာ မြို့ပျက် ကြီးအဖြစ်ကို  ဆိုက်ရောက်နေပြီ ဖြစ်တဲ့အတွက် ဗဟုသုတဖြစ်ဖွယ်ရာ ရာဇဝင်ထဲက တက္ကသိလာဆိုတဲ့ အကြောင်း လေးကို ရေးသား တင်ပြလိုက်ရပါတယ်။