သီတဂူဆရာတော်ကြီးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၊ ၁၃ ပါးမြောက် တေရဿမ ရွှေကျင်သာသနာပိုင် ကန်ကြီးကျောင်း ဆရာတော်ကြီး၏ ကြေးသွန်း ရုပ်တုတော် တည်ထားပူဇော်ရန် ပန္နက်တင်မင်္ဂလာပြုလုပ်၊ မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ သြဂုတ် - ၁၉
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ကန်ကြီးပရိယတ္တိစာသင်တိုက်တွင် ခေတ္တသီတင်းသုံးလျက်ရှိသော သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရအား သြဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ဖူးမြော်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။
    
ထို့နောက် ၁၃ ပါးမြောက် တေရဿမ ရွှေကျင်သာသနာပိုင် ကန်ကြီးကျောင်း ဆရာတော်ကြီး၏ ကြေးသွန်းရုပ်တုတော် တည်ထားပူဇော်ရန် ပန္နက်တင်မင်္ဂလာကို အဆိုပါစာသင်တိုက်၌ ပြုလုပ်ရာ သီတဂူဆရာတော်ကြီးဦးဆောင်၍ တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယဓိနုဂ္ဂဟ အသင်းဥက္ကဋ္ဌ ဦးစံမြ၊ ညောင်ရွှေမြို့နယ် သာသနာ့နုဂ္ဂဟ ဥက္ကဋ္ဌ ဦးဘုန်းကြွယ်တို့က ပန္နက်ရိုက်ပူဇော်ကြပြီး သီတဂူဆရာတော်ကြီးနှင့် သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
    
ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ်တက္ကသိုလ်၌ သီတင်းသုံးလျက်ရှိသော သီတဂူဆရာတော်ဘုရားကြီး၊ တက္ကသိုလ် ဦးသျှောင် သြဝါဒ ဆရာတော်ကြီးများနှင့် သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
    
ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သီတဂူ ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာတော်များအား တောင်ကြီး မြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲရှိ မွေတော်ကက္ကူ ဘုရားများသို့ သွားရောက်ဖူးမြော် ကြည်ညိုနိုင်ရန် ပင့်ဆောင်ပေးရာ ဆရာတော်၊ သံဃာတော် များက မွေတော်ကက္ကူဘုရားအား လှည့်လည်ဖူးမြော်ကြည်ညိုပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက မွေတော်ကက္ကူဘုရားသမိုင်းအား ရှင်းလင်းလျှောက်ထားကြသည်။                        

ထို့နောက် သီတဂူဆရာတော်ဘုရားကြီးက အောင်ဆုဟော်ဘုံ ဓမ္မာရုံကျောင်းကြီး၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအား ငါးပါးသီလနှင့် မေတ္တာသုတ်တရားတော်များ ဟောကြားချီးမြှင့်ရာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယကနှင့် တက်ရောက်လာကြသူများက တရားတော်များအား နာယူကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။